Home
မြန်မာသတင်း
ခင်ဦးနှင့် ကျွန်းစုမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရ
DVB
·
July 23, 2023
360130926_1490079941727857_2747273861599298747_n

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံခဲ့ရပြီး တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာလည်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး‌တွေ လိုက်ပါလာတဲ့လှေ တိုက်ခိုက်ခံရတယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်ဆေးရုံမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဇူလိုင် ၂၂ ရက် မနက်ပိုင်းက စနိုက်ပါ၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ Mandalay People Rescue(MPR) က ထုတ်ပြန်ထားပါတယ်။

MPR အဖွဲ့ တာဝန်ရှိသူက "ဒီဆေးရုံကို ပိတ်ထားတာကြာပါပြီ။ ဆေးရုံမှာပဲ အခိုင်အမာ တပ်စွဲပြီး နေကြတာ  ၁ နှစ်ဝန်းကျင်လောက်ရှိပြီ။  စစ်တပ်က တပ်စွဲထားတော့ ပြည်သူတွေလည်းကြောက်ပြီး ဆေးရုံမတက်ရဲကြဘူး။ အင်အားကတော့ ခန့်မှန်းမိသလောက် ၄၀ လောက်ရှိမယ်ဗျ။ အတိအကျတော့ သိရဖို့ခက်တယ်။ ၁ ယောက် ကတော့ ထိခိုက်တာများလို့ သေနိုင်ပါတယ်။ ကျနော်တို့ရှေ့မှာတင် ဆွဲထည့်သွားတာ အတွင်းကို" လို့ ဒီဗွီဘီကို ပြောပါတယ်။ 

အဲဒီ တိုက်ခိုက်မှုကို Mandalay People Rescue(MPR) အဖွဲ့နဲ့ Armed Revolutionary Force K.U(ARF ခင်ဦး) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာလည်း ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက ဘဒ္ဒနဲ့ကျေးရွာအုပ်စုရှိ တဆားဂလက်ဝနားမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါလာတဲ့ လှေတစီးကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျွန်းစုမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "စစ်ကောင်စီလှေက ရွာကို မောင်းဝင်လာတာတော့မဟုတ်ဘူး။ ဒီချောင်းဘက်ကနေ တနေရာကို သွားမလို့ ထင်တယ်။ အားလုံးပေါင်း ၈ ယောက်လောက်ရှိတယ်" လို့ ပြောပါတယ်။

တဆားဂလက်ဝဆိုတာက ချောင်းဖြတ်ကူးလမ်းနေရာဖြစ်ပြီး စက်လှေတွေ ဖြတ်သန်း သွားလာတတ်ပေမယ့် စစ်ကောင်စီတပ်တွေကတော့ ဖြတ်သွားဖြတ်လာ လုပ်လေ့မရှိဘူးလို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က အလစ်တိုက်ခိုက်ခံရတာကြောင့် ပြန်လည်ပစ်ခတ်ချိန် မရလိုက်ဘဲ ထိခိုက်သေဆုံးသူတွေရှိနိုင်ပြီး အဝေးကိုရောက်မှ လက်နက်ငယ်နဲ့ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024