အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပထမဦးဆုံးသော အမှီအခိုကင်းတဲ့ ဒစ်ဂျစ်တယ် Spring Development Bank နွေဦးဘဏ်ကို ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး အဲဒီနေ့မှာပဲ ဘဏ်စာရင်းဖွင့်သူပေါင်း ၁,၀၀၀ ပြည့်ခဲ့တယ်လို့ ဘဏ်က ထုတ်ပြန်ပါတယ်။
နွေဦးဘဏ်ကို ပြည်တွင်းပြည်ပက နည်းပညာရှင်၊ ဘဏ္ဍာရေးဆိုင်ရာ အသိပညာရှင်တွေနဲ့ အတူ ပြင်ဆင်ဆောင်ရွက်လာခဲ့တာ ၇ လကြာခဲ့ပြီး အခု UAT Soft Launch ဒါမှမဟုတ် Private Beta Testing ကာလအနေနဲ့ ဖွင့်လှစ်တာလို့ ဘဏ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဘဏ်အကောင့်ဖွင့်လှစ်ပြီးသူတယောက်က "နွေဦးဘဏ်က Beta version မှာ အယောက် ၁ဝဝဝ ပဲရမယ်ပြောတယ်။ ကံကောင်းတယ်။ ကျနော်တို့ဖွင့်ပြီး သိပ်မကြာဘူး။ စာရင်းသွင်းသူပြည့်ကြောင်း အသိပေးစာကို ပေ့ချ်မှာဖော်ပြထားတယ်။ အခုထိတော့ ငွေမလည်ပတ်သေးဘူး။ တဖြည်းဖြည်းနဲ့တော့ အဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်ဗျ။ ဒီမှာက ငွေ ၄ မျိုးနဲ့စုလို့ရမယ်။ အနည်းဆုံးတော့ စစ်ကောင်စီကို အခွန်စီးဆင်းစရာမလိုတဲ့အပြင်ကို တော်လှန်ရေးကိုလည်း အထောက်အကူဖြစ်စေဖို့ Official ထွက်လာရင်တော့ တခြားလုံခြုံရေးအရ စိုးရိမ်ရသူတွေကလွဲရင် အကုန်သုံးစွဲလို့ရပါပြီ "လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ ငွေကြေးအကျပ်အတည်း၊ အချိန်အကန့်အသတ်တွေကြားကနေ ပြည်သူ လူထုအားလုံးရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လွှမ်းခြုံပြီး ဘဏ်ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် မူဝါဒဆိုင်ရာချမှတ်ရေးဆွဲတာတွေ၊ ၀န်ဆောင်မှုအသစ်တွေ ဖန်တီးရတာတွေ၊ လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုတွေနဲ့ သမားရိုးကျဘဏ်လို မဟုတ်တဲ့အတွက် စနစ်တကျ တဆင့်ချင်းအကောင်အထည်ဖော် စီစဥ်ရတာမျိုး ရှိတယ်လို့ ဘဏ်က ဆိုပါတယ်။
ပထမဆုံးနေ့မှာပဲ နွေဦးဘဏ်ကို လူမှုကွန်ယက်တွေကနေ အားပေးဝန်းရံသူ စောင့်ကြည့်သူ Follower ပေါင်း ၁၀,၀၀၀ ကျော် ရှိလာခဲ့ပြီး ယုံကြည်မှုတခု၊ ပန်းတိုင် တခုတည်းကို နောက်မဆုတ်စတမ်း အတူလက်တွဲချီတက်နေကြတာဟာ အားတက်စရာ ကောင်းသလို ဝမ်းမြောက်ဂုဏ်ယူရကြောင်းလည်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကနေပြီးတော့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့က စတင်လို့ Blockchain နည်းပညာသုံး ဒစ်ဂျစ်တယ်ငွေကြေးစနစ် NUG Pay ကို စတင်သုံးစွဲခွင့်ပြုခဲ့ပြီး ၁ နှစ် မပြည့်ခင်အတွင်း NUG Pay ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMK ၃၁၂ ဘီလျံဖိုး အလွှဲအပြောင်းရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂ဝ ရက်နေ့က NUG Pay ရဲ့ ပြည်သူ့ထံအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။