ဂရိနိုင်ငံ ရိုဒို့စ်ကျွန်းရဲ့ ကောင်းကင်ယံမှာ တောမီးတွေက မီးခိုးလုံးတွေ ပြည့်နှက်နေပုံကို ဇူလိုင် ၂၂ ရက်မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရတာပါ။
ရေကန်တခုကနေ ရိုက်ကူးထားတဲ့ရုပ်သံထဲမှာ အချိန်တိုအတွင်းမှာ ကောင်းကင်ပြာကို မီးခိုးမြူတွေ ထူထပ်တဲ့ အမှုန်အမွှားတွေက ဖုံးကွယ်သွားပါတယ်။
ဂရိနိုင်ငံဟာ မကြာသေးမီရက်တွေအတွင်း တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပြီး နိုင်ငံအတွင်း အပူလှိုင်း ကျရောက်ခဲ့ပါတယ်။
ခုလကုန်အထိ အပူချိန်တွေမြင့်တက်နေမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေး ထားပါတယ်။
၅ ရက်ကြာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ထိခိုက်ခဲ့တဲ့ရွာတွေနဲ့ ကမ်းခြေတွေကနေ ဇူလိုင် ၂၂ ရက်မှာ လူရာနဲ့ချီ ထွက်ပြေးခဲ့ကြရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ဗီဒီယိုမှာ လေထုထဲက ထူထပ်တဲ့မီးခိုးငွေ့တွေကနေ လွတ်မြောက်ဖို့ ဘတ်စ်ကားတွေကို တန်းစီ စောင့်ဆိုင်းနေသူတွေကို ပြသခဲ့ပါတယ်။
အပူချိန် ၄၅ စင်တီဂရိတ်ထိရှိမယ်လို့ ခန့်မှန်းထားလို့ အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်တွေက ဂရိနိုင်ငံ ရိုဒို့စ်ကျွန်းနဲ့ တခြားဒေသအများအပြားမှာ တောမီးလောင်ကျွမ်းမှုအန္တရာယ်ကို တနင်္ဂနွေနေ့က သတိပေးထားပါတယ်။
Source-Reuters