စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်အချို့အပါအဝင် စုန်းချောင်းရွာသား ၁၄ ယောက်ကို စစ်ကောင်စီတပ်က ဇူလိုင်က ၂၀ ရက်နေ့ ည ၂ နာရီကျော်မှာ ရွာကို ဝင်ရောက်စီးနင်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ ရွာသား ၁၄ ယောက်ဟာ အရှေ့တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်မြသက်ဦးရဲ့ ဇာတိရွာက ရွာသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
"မနေ့ညက မိုးကလည်း အတော်ရွာတယ်။ ည ၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ရွာကို ဝင်စီးနင်းပြီးတော့ အသတ်ခံရတဲ့သူတွေ အိပ်နေတုန်း ဖမ်းဆီးသတ်ဖြတ်သွားတာ။ အခုလက်ရှိကတော့ အသတ်ခံရတဲ့ရွာသား ၁၄ ယောက် အထိရှိတယ်။ ဘာ့ကြောင့် အခုလို သတ်ဖြတ်သွားတာလဲဆိုတာတော့ ကျနော်တို့လည်း မပြောပြတတ်ဘူး။ ဒလံကောင်းတယ်။ နာမည်တွေနဲ့လာဖမ်းပုံရတယ် " လို့ ဒေသခံတယောက်က ပြောပါတယ်။
အသတ်ခံရတဲ့သူတွေဟာ အသက် ၂၀ ကျော်ကနေ ၅၀ ကျော်အရွယ်တွေဖြစ်ပြီး သူတို့ရဲ့ ရုပ်လောင်းတွေကိုတော့ မတူညီတဲ့ နေရာတွေကနေ တွေ့ရှိခဲ့တာလို့လည်း ပြောပါတယ်။
စစ်တပ်က ရွာကိုဝင်စီးပြီး PDF တွေကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သတင်းတွေလည်း ထွက်နေတဲ့အတွက် စုံစမ်းကြည့်တဲ့အခါ ယင်းမာပင်ဒေသခံတယောက်ကတော့ “ဘယ်သူက ဘာ ဆိုတာတော့ သေချာ မစစ်ရသေးဘူး။ သေချာတာကတော့ တိုင်းမှူး ဗိုလ်ချုပ် မြသက်ဦးရဲ့ အမျိုးတွေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဇူလိုင် ၂၁ မနက်ပိုင်းမှာ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာနားကို သတင်းအရ စစ်မှုထမ်းဟောင်းတွေ၊ ပြည်သူ့စစ်တွေအပါအဝင် လုံခြုံရေးပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းတုန်း PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ အခုတကြိမ်နဲ့ ဆိုရင် အနည်းဆုံး ၄ ကြိမ်ထက်မနည်းရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။