ဝိုင်းမော်မြို့နယ်၊ ဂျာပူကျေးရွာမှာ ဖမ်းဆီခံရတဲ့ စစ်ရှောင်ပြည်သူ ၁ ဦး ဇူလိုင် ၂၀ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်က ဂျာပူကျေးရွာမှာ တောင်ယာလုပ်ငန်း လာရောက်လုပ်ကိုင်နေစဉ် ဝိုင်းမော်ကနေ နမ်ဆန်ယန်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဖမ်းခေါ်သွားတာကတော့ ဖုန်းရှိတဲ့ တယောက်ကိုပဲ ဖမ်းခေါ်သွားတာတဲ့၊ ကျန်နှစ်ယောက်ကိုတော့ စစ်ကြောင်းနဲ့တော့ မခေါ်သွားဘူးတဲ့။ ဖုန်းက တယောက်ပဲရှိတော့ ဖုန်းရှိတဲ့သူကို ခေါ်သွားတော့ သုံးယောက်လုံးနဲ့ အဆက်အသွယ်ပြတ်သွားတာ” လို့ ပြောပါတယ်။
ဖမ်းခံရသူနဲ့ အမျိုးသားနှစ်ယောက်ဟာ ဂျာပူကျေးရွာပတ်ဝန်းကျင်က တောင်ယာတွေမှာရှိနေပြီး စစ်ရှောင်စခန်းကိုတော့ ပြန်မရောက်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားသူဟာ မိုင်းနားစစ်ရှောင်စခန်းမှာ နေထိုင်သူဖြစ်ပြီး နေရပ်ကျေးရွာကို ပြန်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်နေတာလို့ သိရပါတယ်။
ဂျာပူကျေးရွာပတ်ဝန်းကျင်မှာ မြစ်ကြီးနားဘက်ကနေ နမ်ဆန်ယန်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဇူလိုင် ၂၀ ရက် မနက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့လို့ သိရပါတယ်။
ဂျာပူကျေးရွာဟာ မြစ်ကြီးနားမြို့ကနေ မိုင် ၂၀ အကွာမှာတည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ကျေးရွာက ပြည်သူတွေဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းကနေ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။