မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်း သင်တောကျေးရွာက ဒေသခံအများစုဟာ လယ်ယာ လုပ်ကိုင်ခွင့်မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သင်တောရွာရဲ့မြောက်ဘက် အရပ်ခေါ် ပျုစောထီးကျေးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာကနေ စစ်ကောင်စီတပ်က လယ်ယာလုပ်ကိုင်နေတဲ့ ဒေသခံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေက တောင်ယာလုပ်မရတာလို့ ဆိုပါတယ်။
ဂန့်ဂေါနယ်ကဒေသခံ တစ်ဦးက “ရွာသားတွေက လယ်ထဲသွားကြရင် သူတို့က လက်နက်ကြီးတွေနဲ့ ထုတာဗျ။ ဒါဆိုတော့ ရွာသားတွေကလည်း လယ်ထဲ မဆင်းရဲကြတော့ဘူး။ လက်နက်ကြီးမှန်မှာကို စိုးရိမ်ကြတယ်လေ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သင်တောကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်ကာ ဒေသခံအများစုက တောင်သူလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်ကြတာပါ။
မိသားစုဝမ်းရေးအတွက် အဓိကအားထားလုပ်ကိုင်ရတဲ့ တောင်ယာလုပ်ငန်းဟာ လုပ်ကိုင်ခွင့်မရတာကြောင့် စားဝတ်နေရေး အကျပ်အတည်းတွေ ရှိနေကြတယ်လို့ သင်တောရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနှစ်ကစပြီး လယ်ထဲ ဆင်းလို့မရကြတာ။ ရွာရဲ့ လေးပုံတပုံလောက်ပဲ လယ်ယာလုပ်လို့ရတာ။ လုပ်ခွင့်ရတဲ့ လယ်တွေကလည်း မြောက်ခင်ရန်းရွာနဲ့ဝေးလို့ လုပ်ကိုင်ခွင့်ရတာ။ အများစုက လက်နက်ကြီးကြောက်လို့ တောမသွားကြဘူး။”
အဲဒီသင်တောကျေးရွာကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့နှစ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာက လူနေအိမ် ထက်ဝက်ကျော်ကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့သေးတယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တောကျေးရွာနဲ့ မြောက်ခင်ရန်းရွာဟာ ၁ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီက လယ်ယာလုပ်ကိုင်နေတဲ့ ဒေသခံတွေကို ဘာကြောင့်လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရဘူးလို့ ပြောပါတယ်။