ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမှာ အစီအစဉ်ကျကျ ကိုရမ်ကျမ်းကို မီးရှို့ပြတဲ့ ဆန္ဒပြပွဲကို ကန့်ကွက်တဲ့အနေနဲ့ အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်ရှိ ဆွီဒင်သံရုံးကို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ပြင်းပြင်းထန်ထန် မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်အပြီး ဇူလိုင် ၂၀ ရက်နေ့မှာ အီရတ်အစိုးရဟာ ဆွီဒင်သံအမတ်ကို နှင်ထုတ်လိုက်ပါတယ်။
အီရတ်အစိုးရဟာ ဆွီဒင်နိုင်ငံရှိ သူ့ရဲ့ သံအမတ်ကြီးတွေကိုလည်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အီရတ်မြေပေါ်မှာ ဆွီဒင်ရဲ့ တယ်လီဆက်သွယ်ရေး နည်းပညာလုပ်ငန်းဖြစ်တဲ့ အဲရစ်ခ်ဆင် ကုမ္ပဏီရဲ့ အလုပ်လုပ်ခွင့်ကို ဆိုင်းငံ့လိုက်ကြောင်းလည်း အီရတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ဘဂ္ဂဒက်ရှိ ဆွီဒင်သံရုံးဝန်ထမ်းတွေဟာ ဘေးကင်းပေမဲ့ အီရတ်အာဏာပိုင်တွေဟာ သံရုံးကို ကာကွယ်ပေးရမယ့် သူတို့ရဲ့တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး တိုဘီးယာ့စ် ဘေလ်စတောမ်က ပြောပါတယ်။
အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီရဲ့ ရုံးခန်းက ထုတ်ပြန်ချက်အရ အီရတ်အစိုးရဟာ ဆွီဒင်သံရုံး မီးရှို့ဖျက်ဆီးခံရမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဒါကို လုံခြုံရေးချိုးဖောက်မှုလို့ ကြေညာခဲ့ပြီး သံတမန်အဖွဲ့တွေကို အကာအကွယ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
Source - Reuters