ယူကရိန်းကနေ စပါးတင်ပို့မှု အဆင်ပြေစေတဲ့ သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကို ရုရှားရဲ့တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
အရပ်ဘက် အခြေခံအဆောက်အအုံတွေ ဖျက်ဆီးတာဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ် က ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ယူကရိန်းထက် ကျော်လွန်ပြီး သက်ရောက်မှု ရှိနေတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဂျုံနဲ့ ပြောင်းဈေးအပေါ် ဆိုးကျိုးသက်ရောက်မှုကို မြင်တွေ့နေရပြီဖြစ်ပြီး ကမ္ဘာ့တောင်ပိုင်းရှိ လူတိုင်းသာမက အထူးသဖြင့် ထိခိုက်လွယ်သူတွေကို နာကျင်စေပါတယ်လို့ ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားဟာ ပင်လယ်နက်မှာ တိုက်ပွဲအရှိန်မြှင့်ပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို လှုပ်ခတ်စေခဲ့ကြောင်း ရိုက်တာမှာ ဖော်ပြထားပါတယ်။
ယူကရိန်းဆိပ်ကမ်းတွေကို ၃ ညဆက်တိုက် လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး ယူကရိန်းနယ်စပ်ရှိ သင်္ဘောတွေကို ခြိမ်းခြောက်မှုတရပ် ထုတ်ပြန်ခဲ့ပါတယ်။
ကိယက်ဗ်ဟာ ရုရှားနဲ့ ရုရှားဝင်သိမ်းထားတဲ့ ယူကရိန်းပိုင်နက်ထဲက သင်္ဘောတွေကိုလည်း အလားတူ အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ရုရှားဟာ သြဒက်ဆာနဲ့ မိုက်ကိုလေ့ဗ် ဆိပ်ကမ်းမြို့တွေရှိ ပင်လယ်နက်ဆိပ်ကမ်းတွေက ပစ်မှတ်တွေကို တိုက်ခိုက်ပြီး ယူကရိန်းအပေါ် “လက်တုံ့ပြန်တိုက်ခိုက်မှု” ကို ဆက်လုပ်ဆောင်တာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီဆိပ်ကမ်းတွေကို တိုက်ခိုက်မှုဟာ တနင်္လာနေ့တုန်းက ရုရှားရဲ့ ခရိုင်းမီးယားကိုသွားတဲ့ တံတားကို ယူကရိန်းက တိုက်ခိုက်မှုအတွက် လက်စားချေတာဖြစ်တယ်လို့ မော်စကိုက ဖော်ပြခဲ့ပါတယ်။
Source - Reuters