ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက် ရာဇာဓိရာဇ်လမ်းနဲ့ခရေလမ်းထောင့်မှာ ဇူလိုင် ၂၀ ရက် ည ၇ နာရီခွဲက ဘေးတွဲဆိုင်ကယ်မောင်းပြီး နေအိမ်ပြန်လာတဲ့ အမျိုးသားတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရပ်ကွက်နေသူတဦးက "အပစ်ခံရတဲ့ ဘေးတွဲသမားက ၃၈ ရပ်ကွက်ထဲမှာနေတာ။ အရင်က ကယ်ရီဆွဲတယ်၊ အခုဘေးတွဲမောင်းတွဲမောင်းတာ၊ ခေါင်းကိုပစ်သွားတာ ပွဲချင်းပြီးပဲ" လို့ ဒီဗွီဘီကို ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ၃၈ ရပ်ကွက် အင်ကြင်းလမ်းနေ ဦးကျော်ဆန်းဝင်းဖြစ်ပြီး ယခင်က တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"သေနတ်နဲ့နားထင်ကို ပစ်သွားတာ၊ အရင်က NLD ပါတီဝန်းရံသူလို့ ပြောကြတယ်၊ မင်္ဂလာဒုံခုတင် ၁၀၀၀ ကို ပို့လိုက်တယ် စစ်တပ်က။"
ဘေးတွဲဆိုင်ကယ်မောင်းသူအား ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီတပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဟာ ဘေးတွဲမောင်းနှင်သူအချို့ကို ခေါ်ယူမေးမြန်းတာလည်းရှိတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။