မြဝတီမြို့တောင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်း ပိတ်ဆို့ခံထားရတဲ့အတွက် ထွက်ပေါက်ရရှိရေး လက်နက်ကြီးပစ်ကူပေး ပစ်ခတ်နေတယ်လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ မနက် ၇ နာရီလောက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်အနီးကို စစ်ကူလာရောက်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ နေရာ ၃ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း လက်နက်နဲ့အတူ ခလရ ၈ က ယာယီဗိုလ်မှူး ၁ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တဲ့အပြင် လက်ခတ်တောင်ပေါ်မှာ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာပူးပေါင်း စစ်ကြောင်းတွေရဲ့ ပိတ်ဆို့ခံထားရပါတယ်။
အဲဒီစစ်ကြောင်းဟာ ၁၀ ရက်ကြာ ပိတ်ဆို့ခံထားရတဲ့အတွက် ထွက်ပေါက်ရရှိရေး စစ်ကောင်စီက နေ့တိုင်း နေ့ညလက်နက်ကြီးပစ်ကူပေး ပစ်ခတ်နေပြီး ကော်ဘရာပူးပေါင်းစစ်ကြောင်းအနေနဲ့ ဆက်လက်ပြီး ခုခံတော်လှန်စစ်ကနေ မြို့သိမ်းတိုက်ပွဲဆင်နွဲနိုင်ဖို့ မြဝတီမြို့ခံစစ်စည်း ၉၅ ရာခိုင်နှုန်းကို သိမ်းယူနိုင်ပြီလို့ ကော်ဘရာစစ်ကြောင်း (စစ်ဆင်ရေးမှူး) ဗိုလ်ဒါဘောက ပြောပါတယ်။
ဒါအပြင် ဇူလိုင် ၁၄ ရက်နေ့ မနက် ၈ နာရီလောက်ကလည်း တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် ပုလိန်-ခလယ်သွားကား လမ်းပေါ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း နဲ့ နယ်မြေလုံခြုံရေးရယူထားတဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်းကို ဝင်ရာက်လာတဲ့ ခရီးသွားအရပ်သားပြည်သူတွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို စစ်ကောင်စီကပစ်ခတ်ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ ပြည်သူ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့အပြင် လူ ၂၀ နီးပါးကို လူသားဒိုင်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားပြီး အဲဒီထဲက ပုလိန်ကျေးရွာဒေသခံ ၄ ဦးဟာ ဇူလိုင် ၂၀ ရက် မနက် ၇ နာရီလောက်က ထွက်ပြေး လွတ်မြောက်လာခဲ့တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူတဦးက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆပ်ကြီးမြို့ ပုလိန်-ခလယ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်းခဲ့ရာ စစ်ကောင်စီက နှစ်ဖက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။