မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ပျူစောထီးတွေ နေထိုင်တဲ့ ကျေးရွာတရွာ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပေါက်တောင်ပိုင်း ပကဖ ကနေ သိရပါတယ်။
ပေါက်မြို့နယ် တောင်ပိုင်းမှာ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ တပ်ကုန်းကျေးရွာကို ဇူလိုင် ၁၉ ရက် မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ကြတာလို့ ပေါင်တောင်ပိုင်း ပကဖအဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ကျီးကန်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ပျူစောထီး ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေဘက်က ရဲဘော် ၃ ယောက် ကျဆုံးခဲ့ပြီး ရဲဘော် တယောက်ရဲ့ အလောင်းကိုသာ သယ်နိုင်ခဲ့ကာ ကျန်တဲ့ ၂ လောင်းကတော့ ထားခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီး ၄၅ မိနစ်လောက်အကြာမှာတော့ စစ်ကောင်စီဘက်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ ထန်းတောလယ်၊ စမ်းရေခုန် ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ ပခုက္ကူခရိုင် တပ်ရင်း-၁၂ YRF၊ PPDF၊ ချောက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း-၁၈၊ ပခုက္ကူ ပကဖ တပ်ခွဲ-၁၊ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ CGF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ ၁,၅၀၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၅ ရက်က တောင်ခင်ရန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ယောဒေသ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ကျေးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာနဲ့ တောင်ခင်ရန်းရဲစခန်းကနေ ကျေးရွာတွေဘက်ကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်က သာလင်းရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာက လူနေအိမ်တွေ၊ စပါးကျီတွေ ထိခိုက်ပျက်စီးခဲ့သလို ကျွဲ၊ နွား တိရစ္ဆာန်တွေ သေဆုံးခဲ့ကာ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သာလင်းရွာ ဒေသခံ ဦးလှသိန်းက “တောင်ခင်ရန်း၊ သာလင်း၊ တော်ဝင် ရွာသုံးရွာ စစ်ရှောင်နေရတယ်။ လူဦးေရ စုစုပေါင်း ၁,၅၀၀ ကျော်ရှိတယ်။ ပြေးစရာနေရာလည်း မရှိတော့ တောထဲက မြောင်းဘေးတွေမှာ ယာယီမိုးကာတွေနဲ့ တဲထိုးနေကြရတာဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ မြောင်းဘောင်ဘေးတွေမှာ နေထိုင်နေကြရတာကြောင့် အမိုးအကာတွေ အဓိကလိုအပ်နေပြီး စာနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။
ဓာတ်ပုံ-ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့