ပြည်တွင်းစားသုံးမှု များပြားလာတာနဲ့ ပြည်ပဝယ်လိုအား ကောင်းလာတာကြောင့် မြေထောက်ပဲဈေးနှုန်း အမြင့်ဆုံး ရောက်ရှိနေတယ်လို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေက သိရပါတယ်။
မြေထောက်ပဲ စပေါ်တဲ့ ဖေဖော်ဝါရီလက မြေထောက်ပဲ ၃ တင်းဝင်တအိတ်ကို ကျပ် ၂၃၀,၀၀၀ ကျော်သာ ရှိခဲ့ရာက ဇူလိုင် ၂၀ ရက်နေ့မှာ ၃ တင်းဝင်တအိတ်ကို ကျပ် ၃၄၀,၀၀၀ အထိ စျေးနှုန်းမြင့်တက်လာတာပါ။
ရန်ကုန်မြို့ရှိ ပဲကုန်သည်တဦးက “မြေထောက်ပဲက ရှားတဲ့ပဲထဲမှာ ပါတာပေါ့။ တရုတ်တို့ အိန္ဒိယတို့က အဝယ်အမြဲရှိနေတော့ ဈေးကောင်းနေတာပါ။ ငွေဈေးတွေကျပြီး ကုန်ဈေးနှုန်းတွေ ဈေးတက်တာတွေကြောင့်ကော စျေးတက်တာပါ။ စျေးတက်ပေမဲ့ ဝင်သလောက် ကုန်ပါတယ်။ မြေထောက်ပဲစိုက်တဲ့သူတွေ ဒီထက် ပိုပြီး စိုက်ပျိုးထုတ်လုပ်နိုင်ရင် ကောင်းမယ်” လို့ ပြောပါတယ်။
အခုလက်ရှိပေါက်နေတဲ့ မြေထောက်ပဲစျေးနှုန်းဟာ ၁၀ စုနှစ်တခုအတွင်း အမြင့်ဆုံးပေါက်စျေးကို ရောက်ရှိနေတယ်လို့ ပဲရောင်းဝယ်သူတွေထံက သိရပါတယ်။
အောင်ပန်းရှိ ပွဲရုံပိုင်ရှင်တဦးက “မြေထောက်ပဲက ပြည်တွင်းစားသုံးမှုက အရင်ကဆို သိပ်မရှိဘူး။ အခုမှ စားသုံးသူ တော်တော်များများမေးလာလို့ ရောင်းရတာပါ။ ၁ ပိဿာ ၂ ပိဿာလောက် လာဝယ်ပါတယ်။ ၁ ပိဿာကို ၇,၃၀၀ လောက်နဲ့ ရောင်းပါတယ်။ အဝယ်ကတော့ အရမ်းကြီးမသွက်ပါဘူး” လို့ ပြောပါတယ်။
မြေထောက်ပဲ စိုက်ပျိုးရာမှာ တဧကကို မျိုးတတင်းခွဲ ကြဲရပြီး အထွက်အနေနဲ့ တဧကကို ပျမ်းမျှ ၂၆ တင်းမှ တင်း ၃၀ အထိ ထွက်ရှိပြီး စိုက်ပျိုးစရိတ် တဧကကို ကျပ် ၆ သိန်းခန့် ကုန်ပါတယ်။
မြေထောက်ပဲဟာ နေရာဒေသမရွေး စိုက်ပျိုးနိုင်တဲ့သီးနှံ မဟုတ်ဘဲ စိုက်ပျိုးမြေရွေးတဲ့ သီးနှံဖြစ်ပြီး ဧရာဝတီမြစ်ရိုးအထက်ပိုင်း မတ္တရာ၊ စဥ့်ကူး အထက်ပိုင်းကစပြီး ကသာ၊ ဗန်းမော်ဒေသထိ စိုက်ပျိုးဖြစ်ထွန်းပါတယ်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ မြေထောက်ပဲတင်ပို့မှုက အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂၂ သန်း ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။