ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဇူလိုင် ၁၉ ရက် မနက်က အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ရုံး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထွေအုပ်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ရုံးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရုံးအဆောက်အဦ ပျက်စီးပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးကို မနက် ၁၁ နာရီလောက် ဒရုန်းနဲ့ ဗုံးလာကြဲသွားတာ။ စည်ပင်ရုံးကို ဗုံးချပြီး ထွေအုပ်ရုံး ဗုံးထပ်ချခံရတာ၊ ရှေ့ဆင့်နောက်ဆင့်ပဲ။ ရုံးပိတ်ရက်ဆိုတော့ ဝန်ထမ်းတွေ အစုံမရှိဘူး။ ထွေအုပ်ရုံးက နှစ်ယောက်တော့ ဒဏ်ရာရသွားတယ်။ ထွေအုပ်ရုံး အဆောက်အဦလည်း အနည်းငယ်ပျက်သွားတယ်” လို့ ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရလို့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် ရွှေကူပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး စည်ပင်ရုံး ထိခိုက်ပျက်စီး ဆုံးရှုံးမှုကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းကလည်း ရွှေကူဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရွှေကူမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ရဲမေ တဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ ရဲတပ်ဖွဲ့လိုင်းခန်းမှာ မနေထိုင်ရဲတော့ဘဲ စစ်တပ်ဝင်းအတွင်း ရွှေ့ပြောင်း နေထိုင်ကြပါတယ်။