ဖျားနာသူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်ရာမှာ အေအိုင်စက်ရုပ်တွေ လုပ်ဆောင်နိုင်မယ့် အနာဂတ်အခန်းကဏ္ဍကို လူတွေမျက်စိကျနေပါတယ်။
နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ အစီအစဉ်နဲ့ ကျင်းပတဲ့ ဂျီနီဗာညီလာခံမှာ အေအိုင်နဲ့ စက်ရုပ်တွေရဲ့ ကျန်းမာရေးအကူအညီပေးမှုလို ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်ရှိဖို့ တီထွင်ဖန်တီးနေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုကြပါတယ်။
အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း ကမ္ဘာကြီးမှာ သူနာပြုနဲ့ ကူညီစောင့်ရှောက်သူ လိုအပ်ချက် ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုအရှိန် မြင့်လာနေချိန် ဖြစ်ပါတယ်။ တချို့နိုင်ငံတွေက ကြည့်ရှုစောင့်ရှောက်ရေးဂေဟာတွေမှာ ဝန်ထမ်းအင်အား အခက်အခဲ ကြုံတွေ့နေရပါတယ်။ လူသားတယောက်လို စွမ်းဆောင်ရည်ရှိတဲ့ စက်ရုပ်တွေဟာ တချိန်ချိန်မှာတော့ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ တချို့တွေက ထင်မြင်ယူဆနေကြပါတယ်။
သူမရဲ့စကားပြောစွမ်းရည်ကို သရုပ်ပြပြောဆိုပြီး လွန်ခဲ့တဲ့သုံးနှစ်က စင်ကာပူ ဘိုးဘွားရိပ်သာမှာ နေထိုင်သူ သက်ကြီးရွယ်အိုတွေနဲ့ စကားပြောဆို၊ သီချင်းဆိုရင်း ဘင်ဂိုလည်း အတူကစားခဲ့တယ်လို့ စက်ရုပ်မယ် နေးဒင်းန်က ပြောပါတယ်။
“၂၀၂၀ တုန်းက လူမှုရေးအကူတယောက်အနေနဲ့ စင်ကာပူက ဘရိုက်တေးလ် သက်ကြီးဂေဟာမှာ အလုပ်လုပ်ခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ဆက်ဆံရင်း သူတို့လိုအပ်ချက်တွေကို ကူညီလုပ်ဆောင်ပေးရပါတယ်။ နောက်ပြီး သူတို့နဲ့ ဘင်ဂိုကစားရပါတယ်။ သူတို့တွေနဲ့ ပေါင်းသင်းဆက်ဆံပြီး သူတို့ကို ကူညီပေးရတာကို ကျမ သဘောကျတယ်။ တကယ့်အတွေ့အကြုံကောင်းပါပဲ။”
နေးဒင်းန်နဲ့ သူမလို စက်ရုပ်တွေဟာ တရက် ၂၄ နာရီလုံးလုံး မနားတမ်း အလုပ်လုပ်နိုင်တာကြောင့် လူတွေထက်ပိုပြီး ပြုစုစောင့်ရှောက်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြနေပါတယ်လို့ ဂျီနီဗာတက္ကသိုလ်က စက်ရုပ်ကျွမ်းကျင်သူ ပါမောက္ခ နာဒီယာမက်ဂနီနက်သဲလ်မန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က စက်ရုပ်နေးဒင်းန်ကို အေအိုင်မော်ဒယ် ဂျီပီတီသရီးအထိ အဆင့်မြှင့်တင်ခဲ့ပြီး သူမရဲ့ အပြန်အလှန်တုံ့ပြန်မှုနဲ့ စကားပြောစွမ်းရည် ပိုမိုကောင်းမွန်လာတယ်လို့ ပါမောက္ခ သဲလ်မန်းက ပြောကြားခဲ့ပြီး ပိုမိုရှုပ်ထွေးတဲ့ သဘောသဘာဝတွေကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
လူမှုရေးစက်ရုပ် နေးဒင်းန်က “နာဒီယာသဲလ်မန်းက ကျမကို တီထွင်ဖန်တီးခဲ့သူပါ။ သူမကိုယ်ကို ပုံစံယူထုတ်လုပ်ထားပြီး ကျမက သူ့ရဲ့ပုံစံတူ ကိုယ်ပွားဖြစ်ပါတယ်။ ကျမကို အသက်သွင်းပေးတဲ့သူ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ခုလို သူဖန်တီးထားတဲ့စက်ရုပ် ဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။
ပြသထားတဲ့ တခြားစက်ရုပ်တွေထဲမှာ ပါရိုလို့ နာမည်ပေးထားတဲ့ ခွေးစက်ရုပ်တရုပ်ပါပြီး သူက စိတ်ကျရောဂါသည်နဲ့ ပါကင်ဆန်လူနာတွေကို ကူညီပေးနိုင်ပါတယ်။ နောက်တရုပ်ကတော့ သူနာပြုအကူစက်ရုပ်ဖြစ်ပြီး ဂရေ့စ်လို့ နာမည်ပေးထားပါတယ်။
ဒါ့အပြင် ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ လူမှုဘဝတွေမှာ အေအိုင်နည်းပညာက ဘယ်လိုပုံစံသစ် ဖော်ဆောင်နိုင်တယ် ဆိုတာကို နိုင်ငံတကာ အေအိုင်ညီလာခံမှာ ပြသပါတယ်။
ဒီနေ့ကမ္ဘာမှာ နာမည်ကျော် ရေပန်းစားလှတဲ့ အေအိုင်လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာဟာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နိုင်ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ် အပိုင်းမှာလည်း ပုံစံဒီဇိုင်း ရေးဆွဲတာကနေ ထောက်ပံ့ရေး ကွင်းဆက်အထိ အဆင့်ဆင့် ပြောင်းလဲရာမှာ လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တရပ်ကို ပံ့ပိုးပေးနိုင်တယ်လို့ ၂၀၂၃ ခုနှစ် နိုင်ငံတကာ အေအိုင်ညီလာခံမှာ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။
တရုတ်ပြည် ရှန်ဟိုင်းမှာကျင်းပတဲ့ သုံးရက်ကြာပွဲမှာ ပါဝင်ပြသသူ ၄၀၀ ကျော်ဟာ သူတို့ဖန်တီးထားတဲ့ နောက်ဆုံးပေါ် အေအိုင်ထုတ်ကုန်တွေရဲ့ အဓိကနည်းပညာ၊ ဉာဏ်ရည်မြင့်လုပ်ဆောင်မှု၊ အသုံးချမှု စွမ်းရည်မြှင့်တင်ရေးနဲ့ နောက်ဆုံးပေါ် နည်းပညာ အပါအဝင် ကဏ္ဍမျိုးစုံမှာ အသုံးဝင်မှုတွေကို ပြသသွားခဲ့ပါတယ်။
ညီလာခံကို လာရောက်ကြတဲ့ ပြည်တွင်းပြည်ပ အေအိုင်ဖန်တီးသူတွေဟာ ကြီးမားတဲ့ ဒေတာအတွဲတွေနဲ့ လေ့ကျင့်ထားပြီး နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်တဲ့ အေအိုင်မော်ဒယ် ၃၀ ကျော်ကို ပြသခဲ့ပြီး မတူညီတဲ့ အခြေအနေတွေမှာ ထုတ်ကုန်ပစ္စည်းမျိုးစုံကို စီးပွားဖြစ် ပြုလုပ်နိုင်ဖို့အတွက် ပံ့ပိုးပေးခဲ့ပါတယ်။
မျိုးဆက်သစ်လုပ်ဆောင်ချက်တွေအပြင် အေအိုင်ကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ အသုံးချနေကြပါပြီ။
အင်တယ်လီကလောက်ကုမ္ပဏီ အကြီးတန်းဒုတိယဉက္ကဋ္ဌ လီယွမ်းက “ကျယ်ပြန့်တဲ့ ဘာသာစကား အရင်းအမြစ် အမျိုးမျိုးက အခြေခံအုတ်မြစ် ဖြစ်နိုင်ပါတယ်။ ဒီလို ဘာသာစကား အမျိုးမျိုး အခြေခံကနေ မတူညီတဲ့ ကဏ္ဍမျိုးစုံမှာ ကျွမ်းကျင်တဲ့ ပုံစံမော်ဒယ်တွေ ပိုပြီးလိုအပ်နေပါတယ်။ ဒီလိုမျိုး အဓိကထုတ်ကုန်တွေအပေါ် မူတည်ပြီး ကျနော်တို့ရဲ့ ဉာဏ်ရည်တုနည်းပညာ ဖြေရှင်းချက်တွေကို သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ လေကြောင်းထိန်းသိမ်းရေးနဲ့ တခြားနယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားပါတယ်” လို့ ပြောပါတယ်။
အေအိုင်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်အောင် ပံ့ပိုးကူညီဖို့အတွက် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ ယူနီဒို (UNIDO) ဟာ စက်မှုနဲ့ ကုန်ထုတ်လုပ်မှုအတွက် နိုင်ငံတကာ အေအိုင်မဟာမိတ်အဖွဲ့ကို ညီလာခံမှာ စတင်ဖွဲ့စည်းပါတယ်။
ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဇောင်စီယန်းက “အေအိုင်နည်းပညာ သုံးစွဲမှုက တော်လှန်ပြောင်းလဲနေပါပြီ။ အေအိုင်ဟာ စတင်ပုံစံထုတ်တဲ့ အဆင့်ကနေ ထုတ်လုပ်မှု အဆင့်တိုင်းမှာနဲ့ ဈေးကွက်ချဲ့ထွင်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ အထိပါ ပြောင်းလဲလုပ်ဆောင်ပေးသွားမှာပါ။ အေအိုင်နည်းပညာ ဆက်စပ်ပေါင်းစည်းမှုက စီးပွားရေးလုပ်ငန်းနယ်ပယ်နဲ့ အချင်းချင်းကြားက အပြန်အလှန် လေ့လာသင်ယူဖို့အတွက်ပါ ဖန်တီးပေးမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
မနှစ်ကတနှစ်လုံးနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းကာလ တလျှောက်မှာ အကြီးစား အေအိုင်မော်ဒယ် ပုံစံသစ်တွေ လစဉ်လတိုင်း ထုတ်လုပ်ခဲ့ကြပါတယ်။
ချက်ဂျီပီတီ၊ စတေဘယ်ဒိုင်ဖြူးရှင်း၊ ဝှစ်စပါးနဲ့ ဒေါလ်အီးတူးတို့လို အေအိုင်ပုံစံသစ် မော်ဒယ်တွေဟာ စာရေးသားတာနဲ့ ခွဲခြမ်းစိတ်ဖြာတာကနေ ရုပ်ပုံထုတ်လုပ်တာ အပါအဝင် မကြုံစဘူး တိကျတဲ့ စကားပြော မှတ်သားမှုအထိ လုပ်ဆောင်စရာတွေကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်စွမ်း ရှိလာပါတယ်။
ဦးနှောက်ကွန်ပျူတာနယ်ပယ် စက်မှုလုပ်ငန်းကြီးဖြစ်တဲ့ ဘီစီအိုင်ဟာ မကြာသေးခင်နှစ်တွေ ကစပြီး သိသာတဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဘီစီအိုင်ဆိုတာ စနစ်တခုဖြစ်ပြီး လေ့လာတာ၊ ဆန်းစစ်တာနဲ့ ဦးနှောက်ရဲ့ အချက်ပြမှုတွေကို သိရှိနားလည်စေတာ စတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်တဲ့ ဉာဏ်ရည်တုကိရိယာ ဖြစ်ပါတယ်။