ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တောင်ဘက်၊ ရွှေညောင်ပင် စစ်တပ်စစ်ဆေးရေးဂိတ်မှာ နေ့စဉ် ဖြတ်သန်းသွားလာနေတဲ့ ဒေသခံကားသမားတွေနဲ့ ကျေးရွာလူထုတွေဆီကနေ ငွေသိန်းချီ ကောက်ခံနေပြီး မပေးဘဲနေတဲ့လူတွေကို ဖမ်းဆီးစစ်ဆေးတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိုင်စင်မဲ့ကားတွေကို အဓိက ပိုက်ဆံတောင်းယူကြပြီး ငွေ ၅ သိန်းကနေ ၁၀ သိန်းအထိ တောင်းယူကြတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကုန်ပစ္စည်းဝယ်လာတဲ့ ကားတွေနဲ့ အိမ်စီးကားတွေကို ပိုမိုစစ်ဆေးကြပြီး တန်ဖိုးမြင့် အိမ်စီးကား၊ ကုန်တင်ကားတွေကို ပစ်မှတ်ထားနေတာလို့ သိရပါတယ်။
ဆီဆိုင်ဒေသခံ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးက “ပုံမှန်ကားတစီးကို သူတို့ ၂၀,၀၀၀ တောင်းတယ်။ အဲ့ဒါ သူတို့ကို ပြန်မေးတာ၊ ပိုက်ဆံမရှိတာတွေ အကြောင်းပြချက်ရှာရင် ကားသိမ်းမှာ။ ကားအကောင်းတွေဆို ပိုက်ဆံပိုတောင်းတယ်၊ လိုင်စင်မပါတဲ့ကားဆို ပိုဆိုးပေါ့၊ ကျနော့်သူငယ်ချင်းကားတောင် သူတို့ကို ပိုက်ဆံမပေးလို့ သိမ်းသွားတာ။ တောင်းတဲ့ပိုက်ဆံကလည်း စဉ်းစားကြည့်၊ သိန်းဂဏန်းနဲ့၊ ဘယ်သူက အဲ့လောက်ရှိလို့လဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ရေဖြူကျေးရွာက အမျိုးသားတယောက် မြို့ပေါ်ကိုတက်ပြီး အလှူအတွက် ဆန်၊ ဆီ၊ ဆားနဲ့ ဟင်းချက်စရာတွေ တက်ဝယ်တာ အုပ်ချုပ်ရေးမှူးလက်မှတ် မပါလို့ဆိုပြီး ဝယ်ယူထားတဲ့ပစ္စည်း ၁၀ သိန်းကျော်ကို သိမ်းယူခဲ့ပါတယ်။
အဲဒီအမျိုးသားက အဲ့ဒီဖြစ်စဉ်ကို ဓာတ်ပုံရိုက်ကူးထားပြီး အိမ်ပြန်အရောက်မှာ ပို့စ်တင်လိုက်လို့ ဆီဆိုင်မြို့မရဲနဲ့ စစ်သားတွေက နေအိမ်ထိ လာရောက်ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာ တောင်လေးလုံး စစ်ကြောရေးကို ပို့ဆောင်ခံခဲ့ရပြီး နှစ်ပတ်အကြာမှာပဲ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးတာကို မိသားစုဝင်တွေက မြင်တွေ့ခဲ့ရပါတယ်။
ဆီဆိုင်မြို့နယ်အတွင်းက ရွာသူရွာသားတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ကြောက်လန့်နေကြလို့ တောင်းတဲ့ငွေပမာဏကို ပေးနေရပြီး မြို့တက် ပစ္စည်းဝယ်ယူတာ ခက်ခဲလာတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့တောင်ဘက် တောင်ရှေ့ကျေးရွာအုပ်စုမှ ဒေသခံတဦးက “အဲ့ တောင်ဘက်ဂိတ်က မပေးလို့မရဘူး။ ရွာသားတွေက မြို့တခါတက်ရင် ဂိတ်ခကို ကားသမားက ကြိုကောက်ထားရတယ်။ တယောက်ကို ၅,၀၀၀၊ ၁၀,၀၀၀၊ မပေးရင် မြို့မလိုက်ရဘူး။ ကားသမားလည်း ဘယ်တတ်နိုင်မလဲ။ ဒီဘက်ရွာတွေဆို ကန်တာကားတွေ ပိုသုံးတယ်လေ။ ဖောင်းကြွနံပါတ်အတု၊ လိုင်စင်မရှိဘူး၊ ဘာညာပြောပြီး ကားတွေသိမ်းရင်လည်း ကားသမားကပဲ နစ်နာမှာ။ ရွာကနေ လမ်းလျှောက်ဆင်းလို့လည်း မရဘူး၊ အဝေးကြီးလေ။ ကားသမားတွေက မြို့သိပ်မတက်ချင်တော့ဘူး။ ကျမတို့ရွာကလူဆို ပိုပြီး အခက်တွေ့တယ်” လို့ ပြောပါတယ်။
ကျေးရွာအတွက် အသုံးပြုတဲ့ လိုင်စင်မဲ့ကားတွေကိုလည်း သိမ်းဆည်းတာတွေရှိပြီး အများပိုင်ကား ဖြစ်ကြောင်းကို အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ ငွေသိန်း ၃၀ ကျော်ပေးပြီး ကားပြန်ရွေးယူရတာတွေလည်း ရှိပါတယ်။
ဇူလိုင် ၁၈ ရက်ကစလို့ လွိုင်ကော်-ဆီဆိုင် ကားလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားနေတဲ့အတွက် ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့ KNDF တပ်ရင်းအမှတ် ၂ ကလည်း သတိပေးထားပါတယ်။
ဆီဆိုင်မြို့ဟာ ရှမ်း-ကယားနယ်စပ်အနီးက မြို့ဖြစ်ပြီး မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ PNA ပအိုဝ်းပြည်သူ့စစ်တွေအပြင် ရလလဖအဖွဲ့လည်း စစ်ရေးသွားလာ လှုပ်ရှားနေပါတယ်။ မြို့ရဲ့အရှေ့တောင်ဘက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်လည်းရှိပြီး ကရင်နီနဲ့လည်း နယ်မြေထိစပ်တဲ့ အတွက် စစ်ရေးအခြေအနေတွေက ရှုပ်ထွေးနေပါတယ်။