ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကရင်-ကရင်နီ-ရှမ်းနယ်စပ် ယာဒိုကျေးရွာ အနီးဝန်းကျင်မှာ ဇူလိုင် ၁၁ ရက်ကစပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကယန်းပြည်သစ် တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) တပ်မဟာ (၂)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။
“နှစ်ဖက် အကျအဆုံး ရှိပါတယ်။ လေယာဥ်နဲ့လည်း ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ပြည်သူအိမ်တွေ၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးမှုများပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူးဗျ။”
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါသောခိုရွာအတွင်း လူနေအိမ်နဲ့ ပစ္စည်းတွေ ပျက်စီးခဲ့ပေမဲ့ ရွာသားတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ရွာသားတွေက ဇူလိုင် ၁၀ ရက်နေ့တည်းက စစ်ရှောင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပါတယ်။
စစ်ရှောင်တဦးက “ပျက်စီးဆုံးရှုံးတာတွေ ဘယ်လောက်ရှိနေပြီလဲ ဆိုတာတော့ မသိသေးဘူး။ စစ်ရှောင်တွေလည်း တုပ်ကွေးဖြစ်နေကြတယ်။ မနက်က ဗုံးကြဲပြီးတဲ့အချိန် စစ်ရှောင်အမျိုးသမီး ကလေးမွေးတယ်” လို့ ပြောပါတယ်။
ယာဒို(ကလေထ) စခန်းကုန်းမှာ ဇူလိုင် ၁၁ ရက်ကစပြီး ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အဆိုပါကျေးရွာအနီးရှိ ပြည်သူတွေ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၆ ယောက်ခန့် သေဆုံးတယ်လို့ သိရပြီး ကာကွယ်ရေးတပ်ဘက်ကလည်း ၂ ယောက် ကျဆုံးတယ်လို့ သိရပါတယ်။ နှစ်ဖက်စလုံး လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်နေကြပြီး တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။