စစ်ကိုင်းတိုင်း၊ ရေဦး တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇူလိုင် ၁၉ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် သက်ပေးကျေးရွာအတွင်း ကျရောက်ကာ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦး နေရာတင် သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ကပစ်ခတ်တဲ့ ၁၂၀ မမ ကျည် ခင်ဦးမြို့နယ် သက်ပေးကျေးရွာအတွင်း ကျရောက်ပြီး ၆ နှစ်အရွယ် မောင်မိုးထက်ဝေ သေဆုံးခဲ့ကာ အသက် ၅၀ ကျော် အမျိုးသားတဦးနဲ့ တခြား ၄ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သက်ပေးရွာသားတဦးက ပြောပါတယ်။
ဇူလိုင် ၁၆ ရက်ကလည်း စစ်တပ်က အင်းပတ်ကွေ့ဈေးတန်းကနေ အင်းပတ်ကျေးရွာအတွင်း ၆၀ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာ စာသင်ကျောင်းထဲနေထိုင်တဲ့ စစ်ရှောင်တွေအတွင်း ကျရောက်ခဲ့ပြီး အသက် ၅၀ အရွယ် ဦးသန်းစိုး သေဆုံးခဲ့ကာ အသက် ၃၀ ကျော် စစ်ရှောင်အမျိုးသားတဦး ထပ်မံဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရပါတယ်။
စစ်တပ်လက်နက်ကြီးကျည် စစ်ရှောင်မိသားစုတွေရဲ့ နွားခြံအနီး ကျရောက်ခဲ့လို့ နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီအစပ်၊ မိုးဗြဲမြို့၊ စည်ကားရပ်ကွက် ၁ နဲ့ ၃ က ပြည်သူနှစ်ယောက်ကို စစ်တပ်က ဇူလိုင်လ ဒုတိယအပတ်အတွင်း စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လွန်ခဲ့တဲ့ နှစ်ရက်ကျော် (၁၅ ရက်နေ့) က ငါတို့ စည်ကား ၁ အဘွားအို ပစ်ခံရလို့ ဆုံးသွားတယ်။ ကျောကုန်း ထုတ်ချင်းပေါက်ပဲ။ စနိုက်ပါလက်ချက်ပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်သတ်ခံရတဲ့ အဘွားအိုဟာ သူ့အိမ်ကိုသူ ပြန်သန့်ရှင်းဖို့ လာတဲ့အချိန် ရထားလမ်းဘေးရှိ ဦးစိုးလွင်ရဲ့ နေအိမ်အပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီရဲ့ စနိုက်ပါလက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ယာလုပ်ရာကနေ ပြန်လာတဲ့ စည်ကား ၃ ရပ်ကွက်ရှိ မိန်းကလေး တယောက်ကိုလည်း စနိုက်ပါသမားက ပစ်ခတ်လို့ လွိုင်ကော်ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့နယ်ရှိ ပြည်သူတွေကို မြင်တွေ့တာနဲ့ ပစ်သတ်တာတွေ၊ အဓမ္မပြုကျင့်ပြီး သတ်ပစ်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေကို မကြာခန ပြုလုပ်နေပြီး ဇူလိုင်လအတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၅ ယောက်ထက်မနည်း ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။