ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လတ်ခတ်တောင်အနီးတဝိုက်မှာ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းတို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့် အရာရှိ ၁ ဦး သေဆုံးကာ တခြားအဆင့် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်း ပြန်ကြားရေးကနေ သိရပါတယ်။
ဇူလိုင် ၁၈ ရက် မနက် ၇ နာရီလောက်က စတင်ကာ KNU/KNLA တပ်မဟာ ၆၊ ကျားသစ်နက်စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း ၁၊ Federal Wings တပ်ဖွဲ့၊ ကျားသစ်နက် စစ်ကြောင်း ဒရုန်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ဘီးလင်းမြို့အခြေစိုက် ခလရ ၈ နဲ့ တပ်မ ၄၄ လက်အောက်ခံ သထုံမြို့အခြေစိုက် ခမရ ၁၁၈ ပူးပေါင်းစစ်ကြောင်း အင်အား ၃၀ လောက်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ကျားသစ်နက်စစ်ကြောင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့(စစ်ကောင်စီ)ဘက်က အင်အား ၃၀ ကျော်လောက်တော့ ရှိမယ်ဗျ။ သူတို့ဘက်က သေဆုံးတာနဲ့ ဒဏ်ရာရတာတွေကတော့ မြေပြင်သတင်းပေးပို့ချက် ဖြစ်ပါတယ်။ သူတို့ဘက်က လက်နက်ကြီးပစ်တဲ့ အကြိမ်ရေတော့များတယ်။ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ အစုံပစ်တာပဲ။”
တိုက်ခိုက်မှုတွေအပြီးမှာ စစ်ကောင်စီဘက်က MA 3 အမျိုးအစား သေနတ် ၁ လက်နဲ့ ဆက်စပ်ခဲယမ်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့သုံး ပစ္စည်းတွေနဲ့ ဖုန်းတွေ သိမ်းဆည်းရမိခဲ့ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က သေဆုံးတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့တော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါတိုက်ပွဲတွေမှာ လက်နက်ကြီးပစ်ခတ်တဲ့ အသံတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်အထိ ကြားခဲ့ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောဆိုကြပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းကို ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - Prapas Rattanawannee/ကော်ဘရာစစ်ကြောင်း/ကျားသစ်နက်စစ်ကြောင်း