ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူတွေအတွက် ရုံးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ယာယီနေရာထိုင်ခင်းအဖြစ် ငွေကုန်ကြေးကျများတဲ့ ဟိုတယ်အသုံးပြုမှုတွေကို လျှော့ချဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ သူတို့တည်းခိုနေထိုင်ကြရမယ့် သင်္ဘောကြီးဟာ ဇူလိုင် ၁၈ ရက်မှာ နောက်ဆုံးဦးတည်ရာဖြစ်တဲ့ အင်္ဂလန်တောင်ပိုင်း ဒေါရ်ဆက်ထ် ကမ်းရိုးတန်းကို ရောက်ရှိလာခဲ့ပါတယ်။
ဘစ်ဘီစတော့ခ်ဟုမ်း သင်္ဘောကြီးဟာ ဒေါရ်ဆက်ထ်ရှိ ပေါ့ထ်လန်းဆိပ်ကမ်းမှာ ဆိုက်ကပ်မှာဖြစ်ပြီး အရွယ်ရောက်ပြီးသူ လူလွတ်အမျိုးသား ၅၀၀ လောက်ကို ထားရှိမှာဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီသင်္ဘောကြီး အခုနှစ်အစောပိုင်းမှာ ဗြိတိန်ကို ရောက်ရှိလာပြီးကတည်းက ကွန်းဝေါလ်ကောင်တီ နယ်မြေရှိ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဖှဲလ်မောက်သ်မြို့မှာ ပြန်လည်ပြင်ဆင်မှု ပြုလုပ်ခဲ့တာပါ။
ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ သူ့ရဲ့ ထိပ်တန်းဦးစားပေး လုပ်ငန်းတခုဖြစ်တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို နှိမ်နင်းဖို့ လုပ်ဆောင်ခဲ့ပြီး ရေလက်ကြားကိုဖြတ်ကာ လှေငယ်တွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းသူတွေကို တားမြစ်ဖို့ အစီအစဉ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။
Source - Reuters