ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် မှာ ဒီကနေ့ မနက် ကိုးနာရီခွဲက စစ်အစိုးရဆန့်ကျင်ရေးဆန့်ကျင်ရေး ဗီနိုင်းသွားဖြုတ်တဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေ ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဲကုန်းမြို့အဝင် သဲကုန်း-ဆင်မြီးဆွဲကားလမ် သဲကုန်းမြို့ဝင်ဆိုင်းဘုတ်အနီးမှာ ဒီနေ့မနက် ကိုးနာရီခွဲက စစ်အစိုးရဆန့်ကျင်ရေး ဗီနိုင်းကပ်ထားတာကို စစ်ကောင်စီတပ်နဲ့ရဲတွေ လာရောက်ဖြုတ်ယူစဉ် ဗုံးပေါက်ခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗီနိုင်းချိတ်တဲ့အချိန် ဗုံးပေါက်တာ ထိတဲ့သူရှိတယ်။ လူနာတင်ယာဥ်နဲ့သယ်တာတွေ့တယ်၊ အဲ့နားတော့ ဖြတ်လို့မရဘူး။"
ဗုံးပေါက်ကွဲမှု ဖြစ်စဥ်မှန်ကန်ပြီး စစ်ကောင်စီတပ်နဲ့ရဲတွေ ဒဏ်ရာရရှိခြင်းမရှိဘဲ လမ်းသွားလမ်းလာတဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်ကြားတာက အဲ့နားမှာရှိနေတဲ့ တယောက်ထိသွားတယ်လို့ စစ်တပ်ကပြောတယ်။ သေချာတော့မသိဘူး၊ ထိတဲ့သူတော့ရှိတယ်။"
သဲကုန်းမြို့အဝင်မှာ ဗုံးပေါက်ပြီးနောက် သဲကုန်း-ဆင်မြီးဆွဲ ကားလမ်းတလျှောက် ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးတာ၊ မှတ်ပုံတင်နဲ့လူတိုက်ဆိုင်စစ်ဆေးတာ၊ ဖုန်းတွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။