Home
နိုင်ငံတကာ
ဂျပန်တွင် သိပ္ပံနည်းပညာ၊ အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် အမျိုးသမီးပါဝင်မှု နည်းပါး
DVB
·
July 18, 2023
Japan

ဂျပန်နိုင်ငံမှာ အင်ဂျင်နီယာ၊ ထုတ်လုပ်မှုနဲ့ ဆောက်လုပ်ရေးဘာသာရပ်မှာ အဓိက သင်ကြားနေတဲ့ အမျိုးသမီးတက္ကသိုလ်ကျောင်းသူ ၁၆ ရာခိုင်နှုန်းသာရှိလို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD) နိုင်ငံတွေထဲမှာ အမျိုးသမီး နေရာရနှုန်း နောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။

သိပ္ပံပညာရှင် ၇ ဦးထဲမှာလည်း အမျိုးသမီး သိပ္ပံပညာရှင် တဦးသာရှိနေပါတယ်။ OECD ရဲ့ အဆိုအရ ဂျပန်မိန်းကလေးတွေဟာ ကမ္ဘာပေါ်မှာ သင်္ချာဘာသာရပ်မှာ ဒုတိယအများဆုံးနဲ့ သိပ္ပံဘာသာရပ်မှာ တတိယ ရရှိနေတာပါ။

ခုတော့ တိုကျိုနည်းပညာတက္ကသိုလ်ဟာ အမျိုးသမီးကျောင်းသူ ၁၃ ရာခိုင်နှုန်းကို လက်ရှိမှာ လက်ခံထားရာက ကျောင်းသားသစ် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တတ်နိုင်သမျှ အမြန်ဆုံး လက်ခံထားဖို့ ရည်ရွယ်ထားတယ်လို့ တက္ကသိုလ်က ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ အမျိုးသားအများစုနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကြောင့် သူတို့ရဲ့လေ့လာမှုကို စွန့်လွှတ်တဲ့ အမျိုးသမီးအရေအတွက်ကို လျှော့ချနိုင်လိမ့်မယ်လို့ ကျောင်းသူ ခါ့တိုးက ပြောပါတယ်။

အမေရိကန်နိုင်ငံ မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်က ကျောင်းသား ၄၈ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအတွင်း သိပ္ပံနည်းပညာ အင်ဂျင်နီယာနဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှု အလွန်နည်းနေလို့ နိုင်ငံရဲ့ အိုင်တီနယ်ပယ်တခုတည်းမှာ ၂၀၃၀  ပြည့်နှစ်ကျရင် လုပ်သားဦးရေ ၇၉၀,၀၀၀ ပြတ်လပ်နိုင်တယ်လို့ စစ်တမ်းက ဆိုပါတယ်။

ဒါကြောင့် ဂျပန်မှာ ဆန်းသစ်တီထွင်မှု၊ ကုန်ထုတ်စွမ်းအားနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

တိုကျိုနည်းပညာအင်စတီကျု ဥက္ကဋ္ဌ ခါ့ဇုယာမာဆုက ဂျပန်နိုင်ငံမှာ တက္ကသိုလ်တွေက အလားအလာရှိတဲ့ အမျိုးသမီးကျောင်းသူတွေအတွက် တံခါးဖွင့်ထားတယ်ဆိုတဲ့ သတင်းစကား ပေးပို့ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မိဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းလို ဂျပန်ကုမ္ပဏီတွေကလည်း အရည်အချင်းကို ဆွဲဆောင်ဖို့ ရုန်းကန်နေရလို့ အမျိုးသမီး အင်ဂျင်နီယာတွေ ပိုများလာစေဖို့ ခြေလှမ်းတွေ လှမ်းနေပါတယ်။

မိဆူဘီရှီဟာ ပညာသင်ဆုတွေပေးရင်း ၂၀၁၅ ခုနှစ်က အမျိုးသမီးအင်ဂျင်နီယာ ၅ ရာခိုင်နှုန်းသာ ခန့်ထားရာက ခုတော့ ၁၀ ရာခိုင်နှုန်းထက်မနည်း ခန့်ထားဖို့ ခြေလှမ်းပြင်နေတာပါ။

ဂျပန်နိုင်ငံမှာ သက်ကြီးနိုင်ငံသားဦးရေ တိုးလာပြီး လုပ်သားအင်အား လျော့ကျလာနေလို့ မတူကွဲပြားမှုတွေအတွက် ကြီးကြီးမားမား အလေးပေးထားတယ်လို့ မိဆူဘီရှီရဲ့ လူ့စွမ်းအား အရင်းအမြစ် အရာရှိက ပြောပါတယ်။

ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ လူတိုင်းရဲ့ခွန်အားကို အသုံးချဖို့ အလွန်အရေးကြီးတဲ့ အချက်ပဲလို့လည်း ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024