ပြည်တွင်းကြက်သွန်ဖြူစျေးနှုန်းဟာ ဆက်တိုက်မြင့်မားနေပြီး ဒီနေ့မှာ စျေးနှုန်းအမြင့်ဆုံး ရောက်ရှိခဲ့တယ်လို့ ကြက်သွန်ဖြူရောင်းဝယ်သူတွေဆီက သိရပါတယ်။
နှစ်ပတ်အတွင်း ဗမာကြက်သွန်ဖြူစျေးနှုန်းဟာ ၅,၅၀၀ ကနေ ၈,၅၀၀၊ ရှမ်းကြက်သွန်ဖြူစျေးနှုန်းဟာ ၆,၅၀၀ ကနေ ၉,၀၀၀၊ ကြူကုတ်(တရုတ်)ကြက်သွန်ဖြူ စျေးနှုန်းဟာ ၅,၅၀၀ ကနေ ၇,၈၀၀ အထိ မြင့်တက်ခဲ့ပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကြက်သွန်ရောင်းဝယ်သူတဦးက “ကြက်သွန်ဖြူစျေးနှုန်းက အရမ်းကိုတက်တာ၊ အဓိကကတော့ တရုတ်ဘက် ကြက်သွန်ဖြူ မဝင်လို့ပါ။ အဲ့ဘက်ကလည်း မဝင်၊ ပြည်တွင်းကလည်း လက်ကျန်နည်းတော့ စျေးတွေထိုးတက်သွားတာပါ။ စျေးက ကျဖို့ သိပ်မရှိပါဘူး။ တရုတ်ဘက်ကြက်သွန်တွေ ဝင်မှ စျေးနည်းနည်းကျမယ် ထင်ပါတယ်” လို့ ပြောပါတယ်။
ကြက်သွန်ဖြူစျေး အဆမတန် မြင့်တက်လာရတာဟာ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှု နည်းပါးတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာနဲ့ နယ်မြေအခြေအနေတွေကြောင့် ဖြစ်တယ်လို့ မော်လမြိုင် ကြက်သွန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
မော်လမြိုင်မှ ကြက်သွန်ရောင်းဝယ်သူတဦးက “ကြက်သွန်ဖြူစျေးတွေက ထိုးတက်နေတာ တပတ်လောက်ရှိပြီ။ စျေးကြီးထဲမှာတောင် ၁၀,၀၀၀ လောက် ပေါက်နေပါတယ်။ အပြင် လက်လက်လီစျေးကွက်မှာ ၁၃,၀၀၀ လောက်တော့ ရှိတာပေါ့။ ကြက်သွန်ဖြူက မရှိမဖြစ်သုံးတဲ့ ပစ္စည်းဆိုတော့ အဝယ်ကတော့ ပုံမှန်ပါပဲ” လို့ ပြောပါတယ်။
ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နဲ့ ဟိုပုံးမြို့တို့မှာ ဧကသောင်းနဲ့ချီ စိုက်ပျိုးပြီး ရှမ်းပြည်ရှိ ကျန်မြို့နယ်တွေမှာ အနည်းငယ် စိုက်ပျိုးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာငွေစျေး ကျဆင်းတာကြောင့် ကြက်သွန်ဖြူအပြင် အခြေခံစားသောက်ကုန် စျေးနှုန်းတွေလည်း ဆက်တိုက်မြင့်တက်နေပါတယ်။