ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မှန်တောင်ကျေးရွာအုပ်စု၊ မဆွာတွီရွာကို စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ လူနေအိမ် အလုံး ၂၀ လောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၈ ရက် ဒီနေ့မနက် ၁၀ နာရီ မိနစ် ၄၀ မှာ လေယာဉ် ၅ စီးနဲ့ ဗုံး ၁၀ လုံးကြဲချပြီး မနက် ၁၁ နာရီမှာ မဆွာတွီရွာထဲ ဗုံး ၆ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် မဆွာတွီရွာရှိ ဘုရားကျောင်းတကျောင်းနဲ့ လူနေအိမ် အလုံး ၂၀ ပျက်စီးခဲ့တယ်လို့ ကန်ပက်လက် ဒေသခံတဦးက ပြောပါတယ်။
“လူတွေကတော့ တိုက်ပွဲတွေစဖြစ်ကတည်းက စစ်ရှောင်နေရတော့ ရွာမှာမရှိကြတော့ပါဘူး။ လူနေအိမ်တွေနဲ့ ဘုရားကျောင်းပဲ ပျက်စီးသွားတယ်။”
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကတည်းက မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် အဲ့ဒီနားတဝိုက် ကျေးရွာ ၆ ရွာက ပြည်သူ ၁,၅၀၀ နီးပါး စစ်ရှောင်နေရတာပါ။