မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ဇူလိုင် ၁၇ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ မနက် ၂ နာရီဝန်းကျင်မှာ သံဖြူဇရပ်မြို့နယ် ငါးမိုင်ခန့်အကွာရှိ ပငကျေးရွာမှာ ရေကြီးရေလျှံနေတယ်လို့ သိရပါတယ်။
ပင ပရဟိတလူငယ်အသင်း တာဝန်ရှိသူက “ကျနော်တို့ ပငရွာထဲ ည ၂ နာရီလောက်မှာ စပြီး ရေကြီးလာတယ်။ အခုမနက်မှာ အခြေအနေက ပိုဆိုးလာပြီး တောင်ကျရေများလာတဲ့အတွက် ရေလည်း ပိုတိုးလာတယ်။ အခုလက်ရှိက ၁၅၀ နဲ့ ၂၀၀ ကြားမှာ မြုပ်နေတာ၊ ဒေသခံတွေကို ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ရွှေ့ထားရပြီး မိုးကရွာနေတုန်း၊ မိုးဆက်ကြီးမယ်ထင်တယ်။ ပျက်စီးဆုံးရှုံးမှုကတော့ ကားတွေ ရေမျောသွားတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သံဖြူဇရပ်မြို့နယ် ပငကျေးရွာနဲ့ ဂရုပ္ပိကျေးရွာတွေကို ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တွေ၊ စျေးရောင်းသမားတွေ၊ ခြံအလုပ်သမားတွေ အားလုံးအနေနဲ့ ရေဘေးကြောင့် အန္တရာယ်တွေ မကျရောက်အောင် ဂရုစိုက်သွားလာကြဖို့ ပင ပရဟိတအသင်းက တိုက်တွန်းထားပါတယ်။
အခုတပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ ဆက်လက် အားကောင်းလာနိုင်တာကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးမိုးများနိုင်ပြီး မြို့ပြနဲ့ မြစ်ချောင်းတွေ ရေကြီးရေလျှံနိုင်ခြေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။