ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က တောင်ငူထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ထောင်ပိုင်နဲ့ ထောင်၀န်ထမ်း တချို့ကို ဇူလိုင် ၁၇ ရက်မှာ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်တယ်လို့ တောင်ငူထောင်၀န်ထမ်းတဦးက ပြောပါတယ်။
''သူတို့ကို အဲ့ဒီ ထောင်ဖောက်မှုဖြစ်ပြီးကတည်းက တောင်ငူထောင်မှာပဲချုပ်ထားတာ။ အဲ့ဒီကနေပဲ စစ်ကြောရေးတွေလုပ်ပြီး ဒီနေ့ ထောင်တွင်းတရားရုံးကနေပဲ အမိန့်ချလိုက်တာ။ ထောင်ပိုင် ဦးကြည်ဦးက ၃ လ၊ ထောင်မှူး ဦးသန်းထွန်း ၆ လ၊ ထောင်မှူး ဦးထွန်းထွန်ဦး ၆ လ၊ ဒုတပ်ကြပ် သန့်ဇင်ဝင်း ၆ လ၊ ဒုတပ်ကြပ် ဦးတိုး ၆ လ နဲ့ ကိုခန့်စည်သူ၊ ကိုဖိုးကောက် ၆ လစီချလိုက်တာ ပုဒ်မတွေတော့ မသိသေးဘူး။ အဲ့ဒါနဲ့ပဲ ပြီးမှာလား နောက်ထပ် ပုဒ်မတွေ ထပ်လာဦးမှာလားတော့ မသိရသေးဘူး" လို့ မိသားစု၀င်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၈ ရက် ညနေ ၃ နာရီလောက်မှာ တောင်ငူအကျဥ်းထောင်ကကနေ ရုံးထုပ်စစ်ဆေးဖို့ ခေါ်ထုတ်လာတဲ့ အချုပ်သား ၄၁ ယောက်ထဲက နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်က တံခါးတွေကို ကန်ဖွင့်ကာ လုံခြုံရေးအဖြစ် လိုက်ပါလာတဲ့ ရဲနဲ့ စစ်ကောင်စီစစ်သားတွေဆီကနေ သေနတ်လုပြီး ပစ်ခတ်ထွက်ပြေးသွားခဲ့တာလို့ နိုင်ငံရေးအကျဥ်းသားတယောက်ဆီက သိရပါတယ်။
သူတို့အထဲက ၁ ယောက်ကျဆုံးခဲ့ပြီး ၉ ယောက်က လွတ်မြောက်နယ်မြေကို ရောက်ရှိသွားကြောင်း၊ စစ်ကောင်စီဘက်ကတော့ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ တောင်ငူထောင်ကို CCTV ကင်မရာတွေ၊ Drone ဖျက်စက်တွေ များစွာတပ်ဆင်ထားပြီး၊ ထောင်ထဲနဲ့ ထောင်ပြင်ပတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
ထောင်ကျသွားတဲ့ ထောင်ပိုင် ဦးကြည်ဦး နေရာမှာ ထောင်ပိုင်အသစ် ဦးအောင်မြင့်စိုးကို ခန့်ထားကြောင်း၊ လက်ရှိ ထောင်ပိုင်နဲ့ ထောင်၀န်ထမ်း ၇ ယောက်ကို အမိန့်ချပြီးတော့ တောင်ငူထောင်မှာပဲ အကျဥ်းသားအဖြစ် ဆက်လက်ထားရှိသွားမယ်လို့ သိရပါတယ်။