ပင်လယ်နက် သဘောတူညီချက်ကနေ ရုရှားနုတ်ထွက်သွားပြီးနောက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေဟာ ယူကရိန်းစပါးတွေကို ပြန်တင်ပို့ခွင့်ပြုဖို့ ရုရှားအစိုးရကို တောင်းဆိုခဲ့ပြီး ရုရှားရဲ့ ဒီလုပ်ရပ်ဟာ နေရာတိုင်းရှိ လိုအပ်နေသူတွေကို ထိုးနှက်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ရုရှားရဲ့ သင်္ဘောတင်ပို့ ရောင်းချတာတွေ အဆင်ပြေ ချောမွေ့စေဖို့ ရည်ရွယ်ထားတဲ့ ကုလသမဂ္ဂ သဘောတူညီချက်ကိုလည်း မနှစ်တုန်းက ရပ်စဲခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
ရုရှားဟာ ဇူလိုင် ၁၇ ရက်မှာ သက်တမ်းကုန်ဆုံးတဲ့ သဘောတူညီချက်ကနေ နုတ်ထွက်သွားပြီး သင်္ဘောတွေရဲ့ လုံခြုံရေးကို အာမ မခံနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
မော်စကိုက သူ့ရဲ့ စပါးနဲ့ ဓာတ်မြေသြဇာတွေ တင်ပို့မှု မြှင့်တင်တဲ့ တောင်းဆိုမှုတွေ ပြည့်မီရင်တော့ ပင်လယ်နက် သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ စဉ်းစားမယ်လို့ ပြောထားပါတယ်။
“ဒါက ဘေးကင်းတဲ့ သွားလာရေး အာမခံချက်၊ ပင်လယ်ရေကြောင်း လူသားချင်း စာနာထောက်ထားမှု စင်္ကြံကို ကန့်သတ်ချုပ်ချယ်တာ၊ အနောက်မြောက်ပင်လယ်နက်မှာ ယာယီ အန္တရာယ်ရှိတဲ့ ဧရိယာ ပြန်လည်ထူထောင်ရေးနဲ့ ပူးပေါင်းညှိနှိုင်းရေးစင်တာကို ပြန်လည်ပြင်ဆင်ခြင်းတို့ကို ဆိုလိုပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား လက်ထောက်သံတမန် ဒီမစ်ထရီပိုလ်ယန်စကီးက ပြောပါတယ်။
ပင်လယ်နက် စပါးတင်ပို့မှု သဘောတူညီချက်ကို ဆက်လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီမှာ ရုရှားကို တိုက်တွန်းခဲ့ကြတဲ့သူတွေထဲမှာ ပိုလန်၊ ဂျာမနီနဲ့ ယူကရိန်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်ခဲ့ပါတယ်။
ရုရှားဟာ ကမ္ဘာကို လိမ်လည် လှည့်ဖြားနေတာဖြစ်ကြောင်းနဲ့ ဒီခြိမ်းခြောက်မှုဟာ သန်းနဲ့ချီတဲ့ ယူကရိန်းနိုင်ငံသားတွေ၊ ကမ္ဘာတဝန်းက သန်းဆယ်ဂဏန်းလောက် ရှိတဲ့သူတွေ၊ အဓိကအားဖြင့် အာဖရိကနဲ့ အာရှမှာ အစားအသောက် စျေးတက်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ရင်ဆိုင်ရတဲ့ လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို သက်ရောက်မှုရှိတယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရီ ကူလေဘာက ပြောပါတယ်။
ရုရှားရဲ့ ပြောဆိုသမျှတိုင်းဟာ သူ့ရဲ့အပြုအမူကို ဆင်ခြေပေးဖို့ ပြောနေတာဖြစ်ပြီး ယူကရိန်းရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားချိန်မှာ မော်စကိုက ယာယီသိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင် နယ်မြေတွေကနေ ခိုးယူထားတဲ့ စပါးတွေ အပါအဝင် သူ့ရဲ့ ကိုယ်ပိုင်ဆန်တင်ပို့မှု တိုးလာနေတာကိုလည်း သတိထားရမယ်လို့ ဆိုပါတယ်။
ရုရှားကို ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနဲ့ နိုင်ငံရေးကစားတာကနေ ရပ်တန့်ဖို့ ကုလအဖွဲ့ဝင်နိုင်ငံ အားလုံးကိုလည်း တောင်းဆိုထားပါတယ်။
ရုရှားဟာ ပင်လယ်နက် သဘောတူစာချုပ်မှ တဖက်သတ် နုတ်ထွက်တာဟာ သူ့ရဲ့ နယ်ချဲ့စစ်ပွဲ မီးတောက်ကို ယူကရိန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ခြမ်းရှိ အဆင်းရဲဆုံးနဲ့ အားနည်းတဲ့ နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေအပေါ် စီးပွားရေးအရ ရန်စမှုတွေကို အရှိန်မြှင့်လိုက်တာပဲလို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇဘစ်ဂ်ညူး ရောင်က ပြောပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘဲရ်ဘော့ခ် ကတော့ ရုရှားကို ဆာလောင်မွတ်သိပ်မှုကို နိုင်ငံရေးလက်နက်အဖြစ် မသုံးဖို့၊ ကလေးတွေကို ပြန်ပေးဆွဲတာကို ရပ်တန့်ဖို့နဲ့ လူသားဆန်တဲ့ အမည်ခံပြီး ယူကရိန်းအရေး တရားမဝင်စစ်ပွဲကို ရပ်တန့်လိုက်ဖို့ တောင်းဆိုသွားပါတယ်။
Source - Reuters