အီရတ်နိုင်ငံတောင်ပိုင်း ဘာဆာမြို့က နှစ် ၃၀၀ သက်တမ်းရှိ ရှေးဟောင်း ဗလီတလုံးကို လမ်းချဲ့ထွင်ဖို့ ဇူလိုင် ၁၄ ရက်မှာ မြို့အုပ်ချုပ်ရေးက ဖြိုဖျက်လိုက်လို့ ဒေသခံတွေ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အာဏာပိုင်တွေ ယမ်းပုံမီးကျ ဒေါသထွက် နေကြပါတယ်။
ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး အီရတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို နောက်ထပ် တိုက်စားမှုအဖြစ်လည်း ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။ ၁၇၂၇ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ၃၆ ပေ မြင့်တဲ့ ဆရာဂျီ ဗလီမျှော်စင်နဲ့ ဗလီဝတ်ကျောင်းတော်ကို ဇူလိုင် ၁၄ ရက် မနက် အရုဏ်တက်ချိန်မှာ မြေကော်စက်နဲ့ ဖြိုချ ခံခဲ့ရတာပါ။
မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ရပ်တန့်သွားစေဖို့ ဘာဆာအုပ်ချုပ်ရေးမှူးရဲ့ စီမံချက် တွေကို ဆွန်နီမွတ်ဆလင် အလှူငွေနဲ့ ရှေးဟောင်းပစ္စည်း တာဝန်ရှိသူတွေ အပါအဝင် ဘာသာရေးနဲ့ ယဉ်ကျေးမှု အာဏာပိုင်တွေက သိရှိထားပေမဲ့ ဖျက်ဆီးတာထက်စာရင် ထိန်းသိမ်းပြီး နေရာရွှေ့ပြောင်းရမယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ဘတ်စ်ရာ မြို့ခံတယောက်က “လူမျိုးတိုင်းက သူတို့ရဲ့ အမွေအနှစ်နဲ့ သမိုင်းကို ထိန်းသိမ်းပြီး ဒီနေရာက ကျနော်တို့ရဲ့ သမိုင်းနဲ့ အမွေအနှစ်တွေကို ဖျက်ဆီးနေကြတာလား"လို့ ပြောပါတယ်။
ကမ္ဘာ့ပထမဆုံးအင်ပါယာဖြစ်တဲ့ ရှေးဟောင်း မက်ဆိုပိုတေးမီးယားဒေသအတွင်း နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အီရတ်ရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာ လျစ်လျူရှုမှုနဲ့ အစ္စလာမစ် နိုင်ငံတော် အမည်ခံ အိုင်အဲ့စ်စစ်သွေးကြွတွေနဲ့ နှစ်ချီပဋိပက္ခတွေ အတွင်း ပျက်စီးခဲ့ပြီးပါပြီ။
ခုတော့ နိုင်ငံတဝန်းလမ်း၊ တံတားနဲ့ တခြားအခြေခံ အဆောက်အဦတွေ တိုးချဲ့ တည်ဆောက်မယ့် စီမံကိန်းတွေနဲ့ မြို့တော် ဖွံ့ဖြိုးရေးတည်ဆောက်မှုတွေကြောင့် လက်ကျန် အမွေအနှစ်တွေ ပျက်စီးနိုင်လို့ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေက စိုးရိမ် နေကြပါတယ်။
Source-Reuters