စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲက ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး ကားလမ်းပိုင်းကို ဇူလိုင် ၁၆ ရက်ကစပြီး ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းလိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က ထုံခါ-မောတောင် ကားလမ်းမပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက် ပြင်းထန်လာနိုင်တဲ့အတွက် ခရီးသွားပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ပိတ်ပစ်လိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် မောတောင်ဘက် ရေထွက်ပစ္စည်း တင်ပို့နေကြတဲ့ ကုန်တင်ကားတွေ ရပ်နားထားရတယ်လို့ ရေထွက်ပစ္စည်းတင်ပို့နေသူတဦးက ပြောပါတယ်။
“မောတောင်ဘက် ပစ္စည်းပို့တဲ့ကားတွေ တိုက်ပွဲဖြစ်တဲ့နေ့က ပြန်လှည့်လာရတယ်။ အခု ဒီကုန်ကားတွေ ကော့သောင်းဘက်ကို ပြောင်းပြီး တင်ပို့နေရတယ်။ အခုရက်တွေဆို ရေထွက်ပစ္စည်းတွေ ဝယ်နေကြတဲ့ရက် ဖြစ်နေပြီ။ မောတောင်ဘက်ပဲ အဓိကပို့နေရတာ။ ကားလမ်းပိတ်လိုက်တော့ ရေထွက်ပစ္စည်းဝယ်တဲ့ လူတွေတော့ အခက်အခဲ ဖြစ်နေကြတာပေါ့” လို့ ပြောပါတယ်။
ရေထွက်ပစ္စည်းတင်ပို့ရောင်းချသူတွေမှာ အများအားဖြင့် ကုန်ကျစရိတ်သက်သာတဲ့ မောတောင်ဘက်ကိုသာ ရေထွက်ပစ္စည်း အဓိက တင်ပို့နေကြရပြီး ကော့သောင်းဘက်က တင်ပို့ပါက မောတောင်ကိုတင်ပို့တဲ့ ခရီးစရိတ်ထက် ၂ ဆလောက်အထိ ကုန်ကျတဲ့အတွက် ခက်ခဲနေကြတယ်လို့ သိရပါတယ်။
ထုံခါ-မောတောင် ကားလမ်းပိုင်းမှာရှိတဲ့ ကျေးရွာတချို့မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDF က လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဇူလိုင် ၁၃ ရက် မနက် ၃ နာရီခွဲ အချိန်တွင် လက်နက်ကြီး၊ ငယ်များဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး မိနစ် (၃၀) ခန့်ကြာ အပြန်လှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်လို့ LLPDF အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
"ဟုတ်ကဲ့ ခင်ဗျား၊ ပွဲတပွဲ လုပ်တော့မယ် ဆိုတော့ ကြိုတင် ပြင်ဆင်မှုက အဓိကပါပဲ ခင်ဗျား။ ကျနော်တို့ ဒီကောင်တွေ အိပ်မောကျနေတဲ့အချိန်ကို စောင့်ပြီး မနက်စောစော ၃:၃၀ မှာ စတင်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ပြန်လှန်ပစ်ခတ်မှု ၃၀ မိနစ် ဝန်းကျင် ဖြစ်ခဲ့ပြီးနောက် စစ်သင်္ဘော ဝင်လာနေကြောင်း သတိရလို့ ဆုတ်လိုက်ရပါတယ် ခင်ဗျား။ ကျနော်တို့ အားလုံး ဘေးကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ LLPDF ပြန်ကြားရေးတာဝန်ရှိသူ အုန်းအုန်း က DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် မောင်းမကန် ရဲစခန်း အတွင်းရှိ စစ်ကောင်စီ တပ်နဲ့ရဲ ၂ ဦး သေဆုံးခဲ့ကာ ၂ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။