စစ်ကောင်စီက ရခိုင်ဒေသထဲက မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ဒေသတွေက အိမ်ထောင်စုတွေကို ထောက်ပံ့တာတွေ ပြုလုပ်ပေးနေပြီး ဇူလိုင်လထဲမှာတော့ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာစုတွေ ဆီလာရောက် ထောက်ပံ့တာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်က မိုခါမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၅၀ ကျော်ရဲ့ ၉၅ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့ရတာပါ။
အခုလိုထောက်ပံ့ရာမှာတော့ ကျေးရွာအတွင်းက အိမ်ထောင်စုအားလုံးကို ထောက်ပံ့ပေးတာမျိုး မဟုတ်ဘဲ လက်သင့်ရာ တအိမ်ထောင်ကို ပစ္စည်းတမျိုးစီနဲ့ သွပ်နှစ်ချပ်စီ ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ အခုလို လုံလောက်မှုမရှိတဲ့ ထောက်ပံ့ပေးတာတွေကြောင့် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ရသေ့တောင် မြို့နယ်ထဲက ကျေးရွာဒေသခံ တယောက်က ပြောပါတယ်၊
“မနေ့ကဆို စစ်ကောင်စီတွေက လာပေးတယ် သူတို့ပေးတာ ဆီတဘူးရယ်၊ နောက်ပြီး အဝတ်တထည်ရယ်၊ ငါးခြောက်တထုပ်ရယ် ပါတယ် ၃ မျိုးတည်းပါတယ်။ ဒါပေမဲ့ ရွာထဲက အိမ်ခြေလိုက်တိုင်းကို မရခဲ့ဘူး။ သူတို့က ပေးပြီးတော့ ပြန်သွားတယ်။ ရွာသားတွေ ပေးထားခဲ့တာ ၃ မျိုး ဆိုပေမယ့် တအိမ်ကို တမျိုးစီပဲ ရတယ်။ စားဆီဆိုလည်း နို့ဆီဘူးတဘူးစာတောင် မရှိပါဘူး၊ တကယ်ကို သေးသေးလေး တဘူးပဲရတယ်။ နောက်ပြီးတော့ ငါးခြောက်ဆိုလည်း တထုပ်က စားလို့ရတာ ကောင်းကောင်း မပါဘူး။ သူတို့ကတော့ ထောက်ပံ့ကြေးတွေ ပေးကြတယ်၊ အမိုးအကာတွေ ပေးကြတယ်၊ သံဖြူတွေ(သွပ်)ပေးတယ် ဆိုတာလည်း ၂ ချပ်တည်းပဲ ရတယ်။ အဲတာ ဘယ်လိုလုပ်ရမလဲ အိမ်တွေမှာ သွပ် ၂ ချပ်တည်းနဲ့ ဘယ်လို မိုးရမှာလဲ၊ တလျှောက်လုံး မိုးစိုရမှာလား အဆင်ကိုမပြေတာ။”
ဇူလိုင် ၁၀ ရက်မှာ စစ်ကောင်စီရဲ့ အကြီးအကဲ မင်းအောင်လှိုင်က ရခိုင်ကို သွားရောက်ပြီး စစ်ကောင်စီက မုန်တိုင်းသင့်ဒေသတွေကို ကူညီထောက်ပံ့ပေးတဲ့အတွက် ပြန်လည်ထူထောင်ရေး တိုးတက်လာတဲ့အကြောင်းကိုလည်း သူ့ရဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ တကယ့်မြေပြင်မှာတော့ စစ်ကောင်စီရဲ့ ထောက်ပံ့ ကူညီမှုတွေဆိုတာ ဟန်ပြအခြေအနေသာ ရှိတယ်လို့ ရခိုင်ဝါရင့်နိုင်ငံသမား ဦးဖေသန်းက ဝေဖန်ပြောဆိုပါတယ်။
“တော်တော်ကို ရယ်စရာဖြစ်တယ်ပေါ့။ သူတို့လှုတယ်ဆိုပေမယ့် ဆိတ်ပါးစပ် နှမ်းပက်သလိုပေါ့။ လိုအပ်ချက်က များတယ်။ သူတို့ပေးမှုက ဟန်ပြလောက်ပဲ ဖြစ်နေတာပေါ့။ ဒီနေ့ တချို့ဆို အမိုးအကာအောက်တောင် မရောက်နိုင်သေးဘူး။ အရေးပေါ်ကူညီကယ်ဆယ်ရေး အဆင့်ကိုတောင်ကိုမှ သူတို့ဘက်က လုံလုံလောက်လောက် မပေးနိုင်ခဲ့ဘူးပေါ့နော်။ အမိုးအကာအောက် ရောက်ရှိအောင် မလုပ်ပေးနိုင်ဘူး၊ နိုင်ငံတကာအလှူငွေတွေကိုပေါ့နော်။ အလှူ့လက်ဖက်နဲ့ သူ့အနေနဲ့ မျက်နှာလုပ်ချင်တာပေါ့။ ပြည်သူတွေကို အာ့လိုမျိုးလမ်းကြောင်းကို မရတဲ့အခါမှာ အဲဒီအကူအညီတွေကိုလည်း သူ့လက်သူ့ခြေနဲ့ကိုင်ပြီး လုပ်ခွင့်မရတဲ့အခါမှာ အကြောင်းမျိုးမျိုးပြပြီးတော့ ဟန့်တားတာ၊ ပိတ်ဆို့ထားတာ၊ အခက်အခဲဖြစ်အောင်လုပ်ထားတာ။ ပြည်သူတွေဆီ တိုက်ရိုက်ရောက်အောင် ခွင့်မပြုထားတာ ဒါမျိုးနဲ့လုပ်နေတာတွေရှိတယ်။ ဒါ့ကြောင့် ဒီထက်ပိုဆိုးသွားတာပေါ့။ ဒါကတော့ တကမ္ဘာလုံး အသိဖြစ်ပါတယ်။ သူ့အနေနဲ့ ဘယ်လောက်ပဲ ပူးပေါင်းဆောင်ရွက်တယ်ပဲပြောပြော သူ့လုပ်ရပ်က အဖြေပေါ်နေပါတယ်” လို့ ပြောပါတယ်။
UNOCHA မြန်မာရဲ့ ထုတ်ပြန်ချက်တွေအရကတော့ ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ ခရီးသွားခွင့်တွေကလည်း ကန့်သတ်ခံထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော် AA ရဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းအာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီရဲ့ ဇူလိုင်လ ၁၄ ရက်ထုတ်ပြန်ချက်မှာတော့ မုန်တိုင်းဒဏ်သင့် ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းက အမိုးအကာ အောက်ရောက်ရှိနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ အကူအညီလိုအပ်နေသူတွေအတွက် ဆက်လက်ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။