တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ဧကနိကျေးရွာ ရှေ့တန်းတနေရာမှာ ဇူလိုင် ၁၅ ရက်က စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) က အသက် ၂၃ နှစ်အရွယ် ရဲဘော်တွတ်ပီ ကျဆုံးခဲ့ကြောင်း ဇူလိုင် ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
KBDF က ရဲဘော်တွတ်ပီနဲ့အတူ ရေဖြူဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တခုက အသက် ၃၀ ဝန်းကျင်အရွယ် ရဲဘော်တဦးလည်း အတူတူကျဆုံးခဲ့ကြောင်း မြေပြင်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
KBDF ပြန်ကြားရေးတာဝန်ခံက “KBDF က ရဲဘော်မှာက သေနတ်ဒဏ်ရာနဲ့၊ တခြားတပ်ဖွဲ့က ရဲဘော်က သေနတ်ဒဏ်ရာအပြင် ကျောက်ခဲနဲ့ ထုခံထားရတဲ့ဒဏ်ရာတွေနဲ့ ၁၅ ရက်နေ့ ညနေပိုင်းမှာ ကျဆုံးသွားကြပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရဲဘော်နှစ်ဦးစလုံးရဲ့ စျာပနကိုတော့ ဇူလိုင် ၁၆ ရက်မှာ ပြုလုပ်ပြီးခဲ့ပြီလို့ သိရပါတယ်။
ရဲဘော်တွတ်ပီ ကျဆုံးတာဟာ KBDF အဖွဲ့မှာ ပထမဆုံးကျဆုံးမှု ဖြစ်စဥ်ဖြစ်ပြီး ရဲဘော်တွတ်ပီကို အာဇာနည်အဖြစ်လည်း မှတ်တမ်းတင်ကြောင်း KBDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နဘုလယ်ဒေသကို ဇူလိုင် ၁၁ ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်း ဝင်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ရန်ကင်းတံတား (ရှမ်းတံတား) မှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ နဘုလယ်ဒေသမှာ ဇူလိုင် ၁၇ ရက်အထိ ဆက်ရှိနေပြီး နဘုလယ်ဒေသကို ဆက်သွယ်သွားလာနိုင်တဲ့ ရေဖြူ-ကျခတ္တပင်အင်းလမ်းပိုင်းမှာ တနေရာ၊ ကံပေါက်-ခွေးမဖောရွာ တောင်ကြောမှာ တနေရာ၊ လောင်းလုံး-နခံတောရွာမှာ တနေရာ စုစုပေါင်း ဝင်ပေါက်သုံးခုမှာလည်း ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာကြောင့် ဒေသခံရွာသားတွေ နီးစပ်ရာ ဥယျာဥ်ခြံတွေနဲ့ တောတောင်တွေမှာ စစ်ဘေးရှောင်နေရပါတယ်။
ဇူလိုင် ၂ ရက်နဲ့ ၆ ရက်နေ့တွေမှာလည်း သရက်ချောင်းပကဖက ရဲဘော်တဦးနဲ့ လောင်းလုံးပကဖက ရဲဘော်နှစ်ဦး စုစုပေါင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မှော်ကြောင်းကျေးရွာမှာလည်း ဇူလိုင် ၁၅ ရက် ည ၁၂ နာရီခွဲလောက်က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “အဲဒီရက်မှာ လက်နက်ကြီးနဲ့ ၄ ချက်ပစ်တယ်။ တလုံးပဲ လူနေအိမ်ဆီ လာကျတယ်။ လူတော့မထိဘူး” လို့ ပြောပါတယ်။
“လက်နက်ကြီးဟာ ၂၈၅ တပ်ရင်းကပဲ ပစ်တာဖြစ်နိုင်တယ်။ အရင် ၅ လလောက်တုန်းကလည်း မှော်ကြောင်းရွာကို ပစ်ခဲ့ဖူးသေးတယ်” လို့ ဒေသခံနောက်တဦးက ပြောပါတယ်။
အဆိုပါလက်နက်ကြီးဟာ ပုလောအခြေစိုက် စစ်ကောင်စီရဲ့ ၂၈၅ တပ်ရင်းကနေ ပစ်ခတ်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ပုလောမြို့နယ်၊ မှော်ကြောင်းကျေးရွာဟာ အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိပြီး လယ်ယာလုပ်ကိုင်နေတဲ့ ရွာတရွာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် ည ၇ နာရီလောက်ကလည်း ပုလောမြို့နယ် ပိတက်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ငါးဖမ်းလှေငယ်နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။