အီတလီနိုင်ငံမှာ မနေ့က လေဆိပ်နဲ့ လေကြောင်းလိုင်းဝန်ထမ်းတွေအကြား အစုလိုက်အပြုံလိုက် သပိတ်မှောက်လို့ လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀၀ လောက်ကို ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် ၂ သိန်းခွဲနီးပါးရဲ့ ခရီးစဉ်တွေ ပျက်ခဲ့ရပါတယ်။
ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်လာတဲ့ ဘဝဖိအားတွေကို ဖြေလျှော့ဖို့ လစာတိုးဖို့နဲ့ ပိုကောင်းတဲ့လူမှုဖူလုံရေးအစီအစဉ်တွေကို သပိတ်မှောက် အလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။
အီတလီ သယ်ယူပို့ဆောင်ရေး အသင်းချုပ် (FIT-CISL) ရဲ့ အထွေထွေ အတွင်းရေးမှူး မော်နီကာ မက်စ်စီယာက လေဆိပ်တွေမှာ မြေပြင်အမှုထမ်းတွေဟာ ဆန္ဒပြသူ လူဦးရေရဲ့ အချိုးအစားများစွာကို ရယူထားတယ်လို့ ပြောပါတယ်။
လေဆိပ်ရဲ့ မြေပြင်အမှုထမ်းတွေဟာ စနေ၊ တနင်္ဂနွေတွေမှာ လေဆိပ်တွေမှာ အလုပ်လုပ်ကြပြီး ရောမမြို့ ဒါဗင်ချီလေဆိပ်မှာ ဆန္ဒပြသူ အချိုးအစားရဲ့ ၉၉ ရာခိုင်နှုန်းအထိ ရှိလာပါတယ် လို့ မတ်စီယာက ပြောပါတယ်။
"ငွေကြေးဖောင်းပွမှု မြင့်နေတာဟာ စက်မှုလုပ်ငန်းအားလုံးက ဝန်ထမ်းတွေအတွက် သည်းမခံနိုင်စရာပဲ။ လူတွေက ရေရှည်တည်တံ့မှုအကြောင်း အမြဲပြောနေကြတယ်၊ ကျနော်တို့ရဲ့ အလုပ်သမားတွေနဲ့ သူတို့ရဲ့ အသက်ကို ထိန်းနိုင်မလား၊ မရှင်သန်နိုင်ဘူး လား ဆိုတာကို ကျနော်တို့ အလေးထားပါတယ်" လို့ အီတလီ အထွေထွေ အလုပ်သမား သမဂ္ဂရဲ့ လေကြောင်းပို့ဆောင်ရေးဌာန မန်နေဂျာ ဖှာဘရီဇီယို ဒေ အာကယူးတစ်က ပြောပါတယ်။
စနေနေ့က ဒါဗင်ချီလေဆိပ်တခုတည်းမှာပဲ လေယာဉ်ခရီးစဉ် ၂၀၀ ကို ဖျက်သိမ်းခဲ့ပါတယ်။
မီလန်၊ ဗင်းနစ်နဲ့ နေပယ်မြို့တို့က အဓိကလေဆိပ်တွေမှာ နောက်ထပ် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
လေကြောင်းလိုင်းတွေဟာ လေယာဉ်ခရီးစဉ်ဖျက်သိမ်းတဲ့အကြောင်း ခရီးသည်တွေကို ရက်အတော်ကြာကပဲ ကြိုတင်အကြောင်းကြားထားလို့ လေဆိပ်တွေမှာ သောင်တင်နေတဲ့ ခရီးသည်အရေအတွက်ကတော့ အများအပြားမရှိပါဘူး။
၄ နာရီကနေ ၈ နာရီကြာ သပိတ်မှောက်မှုမှာ လေယာဉ်မှူးတွေလည်း ပါဝင်ခဲ့ကြပြီးတဲ့နောက် စပိန်နိုင်ငံ ဗက်လင်းနဲ့ အိုင်းရစ်ရှ် ရီယံအဲရ် တို့လည်း ထိခိုက်ခဲ့ပါတယ်။
Source-Reuters