တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ကံပေါက်စျေးထဲမှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေကို မနေ့ညနေပိုင်းမှာ မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၅ ရက်ညနေ ၅ နာရီဝန်းကျင်မှာ မောရဝတီရေတပ်က စစ်ကား ၅ စီး ရောက်လာပြီး ဆိုင်မှာရှိတဲ့လူအကုန်လုံးကို ဖမ်းဆီးခေါ်ဆောင်သွားသလို ဆိုင်ပိုင်ရှင် အမျိုးသမီးကိုလည်း ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်က နေအိမ်မှာ လာရောက်ဖမ်းဆီးတာလို့ ဒေသခံတယောက်က ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ ဆိုင်ပိုင်ရှင် ဒေါ်စန်းမြင့်၊ ဒေါ်မီးချို၊ ကိုကျော်ဦး၊ ကိုကျော်ကျော်နဲ့ နောက်ထပ်အလုပ်သမားဝန်ထမ်း အမျိုးသား ၂ ယောက်တို့ဖြစ်ပါတယ်။
သူတို့ ၆ ယောက်လုံး ဒီနေ့ ဇူလိုင် ၁၆ ရက် နေ့လယ်ပိုင်းအထိ ပြန်မလွတ်လာကြသေးဘဲ ကုန်စုံဆိုင်လည်း ပိတ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
"မနေ့က(ဇူလိုင် ၁၅) စျေးထဲက အခု အဖမ်းခံရတဲ့ကုန်စုံဆိုင်က တဆိုင်၊ နောက်ထပ် ကုန်စုံဆိုင်တဆိုင်ကိုဝင်ပြီးတော့ မေးတာစစ်တာလုပ်တယ်။ မဂ္ဂင်ရပ်ကွက်မှာ အိမ် ၁ လုံးကို ထပ်ဝင်စစ်သေးတယ်" လို့ ကံပေါက်ရွာသားတယောက်က ပြောပါတယ်။
အဖမ်းခံရသူတွေနဲ့ပတ်သက်ပြီး ဘာကြောင့် အဖမ်းခံရတယ်ဆိုတာတော့ မသိရ သေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လကလည်း ကလိန်အောင်မြို့က ကုန်မာဆိုင်ပိုင်ရှင်တယောက်နဲ့ ကံပေါက်က မူကြိုကျောင်းပိုင်ရှင်လင်မယားကို စစ်ကောင်စီက ဆယ်ရက်ကြာ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။
မနေ့က ဇူလိုင် ၁၅ ရက် မနက်ပိုင်းက ဂန့်ဂေါ်တောင်ရွာ၊ ကံပေါက်သစ်တောလမ်းဆုံမှာ မပေါက်ကွဲသေးတဲ့ မိုင်း ၂ လုံးတွေ့ခဲ့ပြီး စစ်ကောင်စီက လာရောက်ရှင်းလင်းပြီး လမ်းပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။
အဲဒီမပေါက်ကွဲသေးတဲ့မိုင်းကို နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဖောက်ခွဲခဲ့ပြီး ကံပေါက်ရွာဝင်ထွက်ခွင့်ကို ညနေအထိ ပိတ်ထားခဲ့တာပါ။
ညနေပိုင်းမှာ ရွာဝင်ထွက်ခွင့်ကို ပြန်ပေးခဲ့ပေမဲ့ ညပိုင်းအထိ ကံပေါက်စျေးအပါအဝင် အချက်အချာကျတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားတွေ ကား ၅ စီးနဲ့နေရာယူပြီး စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကံပေါက်ရွာပတ်လမ်းမှာရှိတဲ့ သံတံတားနဲ့ တည်းခိုးခန်းတခုမှာ မပေါက်ကွဲသေးတဲ့မိုင်း တွေ့ရှိခဲ့ဖူးပါတယ်။
ဒီမနက် ဇူလိုင် ၁၆ ရက်မှာလည်း ကံပေါက်ရွာ အဝင်လမ်းဆုံတွေနဲ့ မဂ္ဂင်ရပ်ကွက်တို့မှာ စစ်ကောင်စီက နေရာယူထားပြီး ကျေးရွာထဲမှာလည်း စစ်ကားတွေ လှည့်ပတ်သွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။