မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ ပခုက္ကူမြို့နယ် ပကဖ ဆီကနေသိရပါတယ်။
ပခုက္ကူမြို့နယ်၊ ကမ္မမြို့ကနေ ပေါက်မြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကားတစီးနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံးဖြုတ်ချတိုက်ခိုက်ခဲ့တာလို့ ပခုက္ကူမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ဒီဗွီဘီကိုပြောပါတယ်။
ကမ္မကိုရောက်နေတဲ့ စစ်ကောင်စီယာဥ်တန်းဟာ မနက်မှာ ပေါက်မြို့ဘက်ကို တစီးအရင်စထွက်လာပြီး ယာဥ်တန်းရှေ့ကနေ ခြေလျင်လျှောက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကင်းပုန်းတွေဝပ်နေသူတွေကို ဗုံးတလုံးချပြီး နောက်တလုံးကိုတော့ ကားပေါ်ကို ပစ်ချလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရပေမယ့် ဘယ်နှစ်ယောက်ဒဏ်ရာရတယ်၊ သေဆုံးတယ်ဆိုတာတော့ မသိရသေးဘူး လို့ဆိုပါတယ်။
ဒါ့အပြင် အဲဒီယာဥ်တန်းဟာ ဖြည်းဖြည်းလေးထွက်သွားပြီး နေ့လယ်ပိုင်းမှာ သံဘိုရွာနားမှာလည်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ကားတစီးပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပြီး ဘယ်တော်လှန်ရေးတပ်ဖွဲ့ရဲ့ လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။