(၁)
၁၉၇၈ ခု။
“ကျနော် ခရီးရှည်ထွက်မှာမို့ ဆရာ့ကို လာတွေ့တာပါဆရာ။ ဖြစ်နိုင်ရင် ကျနော့်ကို ဆရာ့စာအုပ်တအုပ်လောက် လက်ဆောင်ပေးဖို့လည်း တောင်းဆိုပါရစေဆရာ...”
ဆရာဒဂုန်တာရာက ကျနော့်ကို တချက်ငေးပြီး ကြည့်သည်။ ဘာမျှတော့မပြော။ ကျနော်ကတော့ ကျနော့်အတွက် အရေးကြီးသော ကာလတခုကို ဖြတ်ကူးရန် ကြံရွယ်စဉ် ဆရာ့ထံမှ စာအုပ်တအုပ် ယူသွားချင်နေသည်။
ထို့နောက် ဆရာက အဝတ်အစားလဲဦးမည်ဟုဆိုကာ အခန်းထဲ ပြန်ဝင်သည်။ အခန်းထဲက ထွက်လာတော့ လက်ထဲတွင် စာအုပ်တအုပ် ပါလာသည်။ သဇင်သင်းပြန်တော့ စာအုပ်။
ဆရာက စားပွဲဘေး မတ်တတ်ရပ်လျက်နှင့်ပင် စာအုပ်တွင် လက်မှတ်ထိုးသည်။ ပြီးတော့ ကျနော့်ကိုပေးသည်။ ကျနော်က စာအုပ်အဖုံးကို လှပ်ကြည့်သည်။ ရှေ့ဆုံးစာမျက်နှာပေါ်တွင် ဌေးမြိုင်ဟု လက်မှတ်ထိုးထား၏။
ထို့နောက် ကျနော်တို့လူသိုက် ဆရာနှင့်အတူ ဟာမစ်တစ်လမ်းထိပ် ထွက်လာခဲ့ကြသည်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင် ဝင်ထိုင်ကြသည်။ ဆရာက ကျနော်တို့နှင့် စကားပြောချင်နေပုံရသည်။ သို့သော် တကယ်တမ်းပြောကြတော့ ဆရာက နားထောင်သမား သက်သက်။
ကျနော်တို့က ဆရာ့ကဗျာများထဲက ကျနော်တို့ နားမလည်သော၊ ကျနော်တို့ ပို၍သိချင်သော ကဗျာများကို မေးသည်။ ကျနော်တို့နှင့် ခေတ်ပြိုင်လူငယ်ကဗျာဆရာများ၏ ကဗျာများကို ပြောသည်။ ဆရာက နားမရှင်းသည့်အခါ ထပ်ပြောရန် တောင်းဆိုတတ်သည်။ ကျနော်တို့ပြောသမျှ သေသေချာချာ နားစိုက်ထောင်သည်။ ဆရာ့မျက်နှာပေါ်တွင် ကျနော်တို့ပြောသမျှ လိုလိုချင်ချင် သိချင်နေပုံက ထင်ရှားလွန်းသည်။ ဆရာ့ရဲ့ နာမည်ကျော် စေ့စပ်သေချာမှုကို အထင်အရှား တွေ့နေရသည်။
ကျနော့်မှာ ဆရာ့ရှေ့တွင် စဉ်းစားပြီးမှ ဆင်ခြင်ပြီးမှ စကားပြောနေရသည်။ ကိုယ်မသိသည့်အရာ မရှင်းလင်းသည့်အရာကို ကိုယ်သိသလို ဒါမှမဟုတ် စကားမရှိ စကားရှာ ပြောသည့်အနေအထားမျိုး မရောက်အောင် သတိထားနေရသည်။
ထိုစဉ်က ဆရာသည် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း မိသားစုနှင့်အတူ နေထိုင်နေသည့်အချိန် ဖြစ်သည်။ (ဆရာသည် ကောလိပ်ဂျင်နေဝင်းရဲ့အိမ်တွင် နှစ်ပေါင်းများစွာ ဧည့်စာရင်းတိုင်ပြီး နေထိုင်ခဲ့ရသူ ဖြစ်ပါသည်။) ကျနော်တို့က ဆရာ နေထိုင်ရာ လမ်းကလေးထဲကအထွက် လမ်းထိပ် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြခြင်းဖြစ်သည်။ ဆရာက အထူးသဖြင့် သူ့ကဗျာများအပေါ် လူငယ်တွေ ဘယ်လိုမြင်သလဲ ဆိုသည်ကို သိချင်သည်။ ကျနော်တို့က ဆရာ့ကဗျာများကို ဖြင်ပြီး ကြည့်တတ်ကြသူများ မဟုတ်။ ဆရာ့ကဗျာများက ကျနော်တို့အပေါ် လွှမ်းမိုးနေ၏။ ဆရာ့ကဗျာများကို ခပ်ဝေးဝေးမှ ခွာပြီး မကြည့်တတ်ကြ။ ထို့ကြောင့် ဆရာ့ကို ကျနော်တို့က ဆရာကျေနပ်အောင် ပြောပြနိုင်စွမ်း မရှိခဲ့ကြ။ ထိုစဉ်က ဆရာက အသက် ၅၀ ကျော်ဝန်းကျင်။ ကျနော်တို့က အသက် ၂၀ ကျော်။ မျိုးဆက်ကွာဟမှုက ကြီးသည်။ သို့သော် ဆရာက လက်တံတော်တော်ရှည်လွန်းသည်။ ကျနော်တို့ဆီက ရနိုင်သမျှ ရအောင်ယူနိုင်ခဲ့သည်ဟု ယူဆရပါသည်။
ထိုစဉ်က ပြောခဲ့ဆိုခဲ့သည့် စကားများထဲတွင် ဆရာ၏ ဝါးပင်ကြားမှ နေဝန်းနီ ကဗျာတွင် ဖော်ပြသည့် ရဌပတိ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို ကျနော်မေးခဲ့၏။ ထိုကဗျာမှာ ၁၉၇၄ ခု၊ ရန်ကုန်မြို့ ဗီယက်နမ်သံရုံးတွင် ပြုလုပ်သော ဟိုချီမင်း ၈၄ နှစ်မြောက်မွေးနေ့ပွဲတွင် ဆရာရွတ်ဆိုခဲ့သော ကဗျာဖြစ်သည်။ ဆရာက ရဌပတိ၏ အဓိပ္ပာယ်ကို အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသရဲ့ ခေါင်းဆောင်ကြီးဟူသည့် အဓိပ္ပာယ်ဖြင့် ရေးခဲ့ခြင်းသာ ဖြစ်သည်ဟူသော စကားကိုမူ အခုအချိန်အထိ ကျနော် မှတ်မိနေသေး၏။
ထိုအချိန်က စာပေဆည်းဆာလှုပ်ရှားမှု အရှိန်ကောင်းနေသည့်အချိန် ဖြစ်သည်။ ဆေးသိပ္ပံမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဆရာ၏ နှင်းဆီထုံသောည ကဗျာတွင် ကျနော်တို့ လူငယ်တသိုက် ယစ်မူးလွန်းနေသည့်အချိန် ဖြစ်သည်။
ဆရာ့ကိုနှုတ်ဆက်ပြီး ပြန်လာတော့ ဘတ်စ်ကားပေါ် လူချင်းတိုးခွေ့စီးလာနေစဉ်မှာပင် ဆရာ့အကြောင်းကို တွေးလာနေမိသည်။ ဆရာ့ရဲ့ ပထမဦးဆုံးသော မုန်တိုင်းထန်သော ရာသီများကို ကျနော် စဉ်းစားသည်။ ဆရာ၏ တဟီတီသွားရအောင် ကဗျာနှင့် ထွက်ပြေးမှုဝါဒ။ ပြီးတော့ ဝစ်လစ်စလစ်လမ်းမကြီး၊ လေနုအေးက နော့ဆဲကို၊ ပန်းနုရောင်အို၊ ဝေါ့ဒစ္စနေအပြာ၊ ဗဟုရာဇ် အစရှိသည့် စကားလုံးသစ်များနှင့် လျှပ်ပေါ်လော်လီ၍ အမျိုးသားယဉ်ကျေးမှု ဖျက်ဆီးသူ ဟူသော စွပ်စွဲပြောဆိုခံရမှုများ...။ ဆရာ့ရဲ့ ပျားအုံခံစားမှု စကားလုံးက ကျနော့်ကို တုန်လှုပ်ချောက်ချားရလောက်အောင် ဖမ်းစားထား၏။
ဒဂုန်တာရာ ဆိုသည်မှာ လူငယ်တွေကို ဖျက်ဆီးသူ။ လူငယ်တွေကို သွေးထိုးပေးသူ။ အုပ်စုဖွဲ့၍ ခေါင်းဆောင်ရာထူးယူသူ… ဟူသော ၁၉၇၈ ခုနှစ် ဝန်းကျင်ကာလ ဆရာ့ နောက်ထပ် မိုးထဲလေထဲကာလများ။
ထိုအချိန်က ဆရာ့ဆီက အမှတ်တရ သဇင်သင်းပြန်တော့ စာအုပ်တောင်းယူခဲ့သည့်တိုင် ကျနော်က အကြောင်းကြောင်းကြောင့် ခရီးရှည် မထွက်ဖြစ်ခဲ့သေး။
နောင် နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးအကြာတွင် ထုတ်ဝေသည့် ဆရာ့ကဗျာပေါင်းချုပ် စာအုပ်တွင် ဆရာက အကယ်၍ ကျနော်သည် ကျနော်ရေးဖွဲ့ခဲ့သော ကဗျာပေါင်းချုပ်ပါ ကဗျာများတွင် မိမိယုံကြည်မှုအား သစ္စာဖောက်သည်ကို တွေ့ရှိလျင် ကဗျာပေါင်းချုပ်ကို လွှင့်ပစ်လိုက်ပေတော့...။ မှန်သားပြင်ကို ခွဲလိုက်ပေတော့...ဟု အမှာစာတွင် ထည့်ရေးလိုက်၏။
အမှန်စင်စစ် ဤအမှာစာပါ စာကြောင်းသည် ဆရာက မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နှင့် ရာဇဝင်ကို စိမ်ခေါ်လိုက်ခြင်းသာဖြစ်သည်ဟု ကျနော် ခံစားရသည်။ သို့နှင့်ပင် ကျနော့်မှာ ဆရာ့ကဗျာများကို စေ့စေ့စပ်စပ် ထပ်မံဖတ်ရှု ဖျင်ကြည့်ဖို့ရာ လိုအပ်လာခဲ့တော့၏။
(ခ)
၁၉၉၂ ခုနှစ်တွင်မူ ကျနော်သည်လည်း ခရီးရှည်ထွက်ဖြစ်ခဲ့၏။ သို့သော် ခရီးရှည်ထွက်ရန် ပထမအကြိမ် ကြိုးစားစဉ်က ဆရာ့ထံမှ တောင်းယူရရှိခဲ့သည့် သဇင်သင်းပြန်တော့ စာအုပ်ကလေးကိုမူ ကျနော် ကိုယ်နှင့်မကွာ ယူဆောင်မလာနိုင်ခဲ့တော့။ သို့ပေသည့် ကျနော့်လက်ထဲတွင် ဆရာဒဂုန်တာရာ၏ ကြာပန်းရေစင်စာအုပ် ရှိနေခဲ့၏။ ထို့ကြောင့် ကျနော့်မှာ ကျေနပ်နေခဲ့၏။
၂၀၀၅ ခုနှစ်ထဲတွင် ဆရာ ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကို ကျနော် ဖတ်ရသည်။ တကြိမ်မက အကြိမ်ကြိမ်ဖတ်သည်။ အခု ၂၀၁၀..၊ ဆိုတော့ သည်စာအုပ်ထွက်ရှိပြီး ၆ နှစ်ကြာခါမှ ကျနော် နောက်ဆုံးတကြိမ် ထပ်ပြီး ဖတ်ဖြစ်ပြန်သည်။
ဒဂုန်တာရာ (တခါက ပြည်ပသတင်းဌာနတခုတွင် ဆရာဒဂုန်တာရာနှင့် တွေ့ဆုံမေးမြန်းခန်း ဖော်ပြရာ၌ ဆရာ့နာမည်ကို ဂငယ် တချောင်းငင် နသတ်နှင့် မဂုန်ပဲ ဂငယ် တချောင်းငင် သေးသေးတင်နှင့် ဂုံထားသည်ကို မကြာခဏ တွေ့ခဲ့ရသဖြင့် ကျနော့်မှာ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရပါသည်။ ဤကားစကားချပ်) ၏ ကဗျာပေါင်းချုပ်တွင် ကဗျာပုဒ်ရေ ၁၂၃ ပုဒ် ပါရှိပါသည်။ ဆရာ၏ ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသည့် တို့ဗမာအကြောင်း ရတုပိုဒ်စုံ ကဗျာမှစကာ ၂၀၀၃ ခုတွင် ရေးဖွဲ့သည့် ယစ်ပူဇော်ပွဲ ကဗျာအထိ ဆရာ၏ စာရေးသက် ၇၀ နီးပါးအတွင်း ရေးဖွဲ့ခဲ့သည့် ကဗျာများကို တပေါင်းတစည်းတည်း ဖတ်ရှုခွင့်ရခြင်းပင် ဖြစ်သည်။
ဤ ကဗျာပေါင်းချုပ်စာအုပ်အရ ဆိုပါက ဆရာဒဂုန်တာရာကား တနှစ်တွင် ကဗျာနှစ်ပုဒ်မျှပင် မရေးခဲ့သည်ကို ယေဘုယျအားဖြင့် တွက်ချက်ယူလို့ ရနိုင်ပါသည်။ သည်မျှ ကဗျာအရေအတွက်မျှလောက်နှင့်ပင် ဆရာသည် မြန်မာကဗျာဆရာများထဲ၌ အမြင့်မားဆုံး နေရာတွင် ရပ်တည်ခွင့်ရခဲ့၏။ တချို့ကဆိုလျင် ဆရာ့ကို နတ်နေကိုင်းသဖွယ် သဘောထားသည်အထိ ဆရာ့ဂုဏ်က မြင့်မားလာခဲ့ရ၏။
အမှန်စင်စစ် ဆရာဒဂုန်တာရာကို သည်မျှ မြင့်မားသည့် နေရာအထိ ရောက်ရှိအောင် တွန်းပို့လိုက်သည့် အကြောင်းအရာမှာ သူရေးဖွဲ့သည့် ကဗျာတခုတည်းကြောင့်တော့ မဟုတ်ပါ။ ဆရာဒဂုန်တာရာ၏ နိုင်ငံရေးစံသည်လည်း အဓိကအရေးပါသော အခြေခံအကြောင်းအရာ ဖြစ်သည်ဟု ကျနော် ယုံကြည်သည်။ သည်နေရာ၌ သူ၏ နိုင်ငံရေးစံ ထုနှင့် စောက်ကို သူ့ကဗျာများထဲမှ တဆင့်လည်း တစုံတရာ တိုင်းတာကြည့်လို့ ရနိုင်သည်ကိုလည်း ငြင်းလို့မရ။
ဥပမာ… သူသည် ၁၉၃၆ ခု ကျောင်းသားသပိတ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့်အပြင် သပိတ်မှောက်ဘွဲ့ ရှေးရေး လေးချိုးများကို ရေးခဲ့သည်။ ၁၉၃၈-၃၉ ခု၊ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးကို လောကအမွန် သံချိုကဗျာဖြင့် ထုပ်ပိုးခဲ့သည်။ ၁၉၄၇ တွင် မတ်လတော်လှန်ရေး ကဗျာဖြင့် ဖက်ဆစ်တော်လှန်ရေးကို ဂုဏ်ပြုခဲ့သည်။ သံမှိုစွဲခဲ့သည်။ ထိုစဉ်ကတည်းက ဆရာသည် နိုင်ငံရေးစံကို သူ့ကဗျာများထဲကတဆင့် မြင့်မြင့်မားမား စိုက်ထူခဲ့၏။ ထို့နောက် မြန်မာစာပေနယ်ပယ်အတွက် စာပေသစ်အယူအဆ ရတနာတွင်းကို တူးဆွဖော်ထုတ်ပေးလိုက်၏။ စာပေသည် နိုင်ငံရေးထင်ဟပ်ချက်ဟူသော စာပေဆိုင်ရာ ဒဿနကို ကိုင်စွဲလိုက်၏။ စာပေသည် ပြည်သူ့အတွက်ဖြစ်ရမည် ဟူသော ကဗျာဆရာတဦးရဲ့ လူတန်းစား ရပ်တည်မှုစံ...။
ကျနော့်အနေနှင့် အခိုင်အမာ မေးခွန်းတခု ထုတ်လို့ရမည် ထင်သည်။ မြန်မာစာပေနယ်ပယ်၌ စာပေသစ်လို အင်မတန်ခိုင်မာပြီး ရာစုနှစ်ဝက်နှင့်ချီပြီး အခိုင်အမာ ရပ်တည်နိုင်သည့် စာပေအယူအဆမျိုး အဘယ်စာရေးဆရာသည် ထူထောင်နိုင်ခဲ့သနည်း။
ဆရာသည် စာရေးသက် နှစ်ပေါင်း ၇၀ အတွင်း လေးနှင့်မြားကို ချွန်ခဲ့ တပ်ဆင်ခဲ့၏။ ပစ်မှတ်ကိုလည်း သဲကွဲအောင် ရှာဖွေသတ်မှတ်ခဲ့၏။ ပစ်မှတ်ကိုလည်း ထိအောင်ပစ်ခတ်ခဲ့၏။ ဆရာ၏ ညွှတ်ပျောင်းပြီး အရှိန်အဟုန်ပြင်းလှသည့် မြားတံများမှာ မြန်မာစာပေ ကောင်းကင်ယံတွင် နေရောင်မထွင်းဖောက်နိုင်လောက်အောင် သဲသဲလှုပ်မျှ ပြေးလွှားနေခဲ့၏။ ဆရာ့ထံမှ ကြားရသည့် လေးသံမြားသံများမှာ မျိုးဆက်တခုလုံးကို ရိုက်ခတ်နေခဲ့၏။ ဖောက်ပြန်မှားယွင်းပြီး ဟောင်းနွမ်းပုပ်သိုးသော စာပေအယူအဆဟူသမျှ ဆရာ့ခြေတော်ရင်းတွင် လည်စင်းသွားကြရ၏။ ဆရာ့အရှိန်သြဇာမှာ လူငယ်များအပေါ် ဘယ်သူမျှ လိုက်မမီအောင် လွှမ်းမိုးထားခဲ့၏။
သည်လိုပြောတော့ ဆရာဒဂုန်တာရာသည် သည်လိုဂုဏ်ပုဒ်များကို လွယ်လွယ်နှင့် ရနိုင်ခဲ့သည် ဟုတော့ မယူဆစေလိုပါ။ ဆရာ့အပေါ် ဆရာ့အယူအဆအပေါ် အမြင်မတူသူများကမူ ဆရာ့ကို အမျိုးသားယဉ်ကျေးမှုကို ဖျက်ဆီးသူ၊ လူငယ်များကို ချောက်ထဲဆွဲခေါ်သူ၊ ထွက်ပြေးရေးသမား...။ နောက်ဆုံး ပြည်သူ့စာပေအယောင်ဆောင် အန္တရာယ်အကြီးဆုံး အရင်းရှင်စာပေသမား (၁၉၇၅ ဝန်းကျင် မိုးကြိုမုန်တိုင်း အုပ်စုမှ စွပ်စွဲချက်) အစရှိသော လေမုန်တိုင်းများမှာ ဆရာ့ စာပေသက်တမ်းတလျှောက်လုံး ဟိန်းဟိန်းညံနေခဲ့၏။ မြန်မာစာပေ နယ်ပယ်တွင် ဆရာ့လောက် အတိုက်အခိုက်ခံရသည့် စာပေသမား တယောက်မျှပင် မရှိခဲ့ဘူးသေးဟုပင် ပြောယူရလောက်အောင် မိုးထဲလေထဲ ဖြတ်သန်းလာခဲ့ရသူဖြစ်သည်။
(ဂ)
ဆရာဒဂုန်တာရာ၏ ကဗျာဆိုင်ရာ နည်းနာဖြစ်ပေါ်တိုးတက်မှုက စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဆရာ့ ကဗျာဆိုင်ရာ အတတ်ပညာရေးသမိုင်းက သာမန်လူတွေနှင့် ပြောင်းပြန်ဖြစ်သည်။
ဥပမာ ဆရာက အသက်အငယ်ဆုံးကာလက ရှေးရေးဟန်ကဗျာနည်းနာကို အသုံးပြုခဲ့ပြီး အသက်အရွယ်ကြီးရင့်လာတော့ ခေတ်ပေါ်ကဗျာတွေ ရေးလာခဲ့သည်။ အသက်အရွယ်နှင့် သူ၏ ကဗျာနည်းနာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုက ထူးခြားလေးနက်နေ၏။
အတွေးအခေါ်တွင်လည်း သည်အတိုင်းဖြစ်သည်။ ဆရာက ငယ်စဉ်က ကဗျာဆိုင်ရာ အတွေးအခေါ်က ရိုးစင်းသည်။ မျက်မြင်သဘောဖြစ်သည်။ အဖြောင့်သဘော ဆန်သည်။ ကြီးလာတော့ ဆရာ့ကဗျာဆိုင်ရာ ဒဿနက လေးနက်လာသည်။ ချွန်ချွန်မြမြ ဖြစ်လာသည်။ တွေးယူမှ ရသည်။ ဥပမာ ဆရာက ငမိုးရိပ်ချောင်းဘေးက ပဲပြုတ်သည်မရဲ့ ပဲပြုတ်အော်ရောင်းသည့် အသံကို ကဗျာထဲ ထည့်ဖွဲ့ရုံလောက်နှင့် ရပ်မနေ။ (ပန်းကြာဝတ်မှုန် မွန်းတည့်ည...ကဗျာ)။ ပြင်သစ်ပြည် လီယွန်တရားရုံးထဲ ခေါင်းငိုက်စိုက်ချကာ ထိုင်နေသူ နာဇီစစ်ရာဇဝတ်ကောင် လူသားမျိုးနွယ်ထုအပေါ် ရန်ပြုခဲ့သူ ဘော်ဘီကို ခွင့်လွှတ်ဖို့ ဆရာက တောင်းဆိုလိုက်သည်။ (လွတ်ငြိမ်းခွင့် ကဗျာ...)။ ထိုအခါ ဆရာ့ဒဿနအပေါ် လူအတော်များများက စိတ်ကူးယဉ်သမား...၊ မဖြစ်နိုင်တာကို တောင်းဆိုသူ၊ ရန်ငါ မပြတ်သူဟု ထိုးနှက်ကြ၏။
သည်ကြားထဲ ဆရာက သည်မျှနှင့်ရပ်မနေ။ ဆရာက နောက်ဆုံးတွင် ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရသည်ဟု ပြောလိုက်သည်။ လူတွေက ဆရာ့ကို ဝိုင်းဝန်း လက်ညှိုးထိုးကြ၏။ လူတွေက စစ်ရာဇဝတ်ကောင်တွေအပေါ် ခွင့်လွှတ်သည်းခံဖို့ မစွမ်းနိုင်ကြ။ လက်စားချေခြင်းထက် ခွင့်လွှတ်ခြင်းက ပိုပြီး ထက်မြက်သည်ဟု ဆရာက ယုံကြည်သူ။
ဆရာသည် ညွှတ်ပြောင်းမှုက ပိုပြီးဝေး ပိုပြီးပြင်းထန်ထိရောက်သည် ဟူသော ကဗျာအတတ်ပညာဆိုင်ရာ အယူအဆကို ထူထောင်ခဲ့သူဖြစ်သည် မဟုတ်လော...။
ဒဂုန်တာရာဟူသည့် ကဗျာဆရာကြီးကား “ငါ့ဘဝကား၊ အချစ် ငြိမ်းချမ်းရေး၊ အလှတရား၊ အမုန်းမရှိ၊ စစ်ပွဲမရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ကဗျာမျိုးကို ရေးခဲ့သူ မဟုတ်လော....။ (ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ ကဗျာမှ)
(ဃ)
သမိုင်းတစ်ခေတ် ဆုံးပြီ
ပြောသူက ပြော၊ သမိုင်း မဆုံးသေး
ဘယ်မှာ ဆုံးသလဲ၊ ပြောင်းလဲခြင်းမျှသာ
အနီ အပြာ၊ အဝါ ရှိသမျှ
သက်တံရောင်က ပြိုးပြက်လှလိမ့်
ခံစားမှုသစ် ပွင့်ပေလိမ့်။
(မျိုးဆက် နှင်းဆီပွင့် ကဗျာမှ...)
လွန်ခဲ့သော ဆယ်စုတခုလောက်ကတော့ ကတ္တီပါလမ်းခွဲအုပ်စုက ဆရာ့ရဲ့ မုဆိုးစိုင်သင် သဘောတရားကို ခြေခြေမြစ်မြစ် ထင်ထင်သာသာ ထုတ်ဖော်မပြောဆိုနိုင်ဘဲ ဆန့်ကျင်တိုက်ခိုက်ခဲ့သည်များလည်း ရှိခဲ့သေး၏။
ကျနော်က မုဆိုးစိုင်သင် သဘောတရားကို လက်ခံသည်။ ယင်းတရားသည် ကဗျာမှရယ်လို့မဟုတ် ဘယ်ပညာရပ်နယ်ပယ်တွင်မဆို အသုံးတည့်နေဆဲ သဘောတရား ဖြစ်သည်။ ခေတ်မီနေဆဲ ဖြစ်သည်။ ကြောရိုးမာနေဆဲ ဖြစ်သည်။
ဆရာဒဂုန်တာရာ၏ ကဗျာဆိုင်ရာ အယူအဆများမှာ စဉ်းစားစရာ မရှိမဟုတ်။ ဆွေးနွေးစရာ မရှိမဟုတ်။ ရှိတော့ ရှိပါသည်။ ဥပမာ ဆရာက လေးလုံးစပ်လင်္ကာနည်းသည် သူ့အတွက်တော့ လုံလောက်သည်ဟူသော စကားအပေါ်တွင် ဆရာသည် လုံးဝတာဝန်ယူရတော့မည့် ပုဂ္ဂလသမိုင်းဆိုင်ရာ စကားဖြစ်ခဲ့သည်ကို ကျနော်တို့ သတိမူမိသည်။
ယခုအချိန်၌ ကျနော်တို့သည် ဆရာဒဂုန်တာရာ၏ ကဗျာများကို ဖတ်ရှုလျှင် ကျောက်ခေတ် ဂူနံရံတခုပေါ်က ဆေးရေးပန်းချီကားတချပ်ကို တွေ့ရသလို ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ ယခုအချိန်တွင် ကျနော်တို့ရင်ထဲ၌ လေးလုံးစပ် သို့တည်းမဟုတ် လေးလုံးစပ်ကို ဖြည်ချလိုက်သည့် လင်္ကာသွားကို ခံစားလို့ လုံးဝမရနိုင်တော့သည်ကိုမူ မည်သူမျှ ငြင်းနိုင်လိမ့်မည်မဟုတ်။
သို့သော် ဆရာဒဂုန်တာရာ၏ အယူအဆရေးရာကိစ္စ၌ ဘော်ဘီလို စစ်ရာဇဝတ်ကောင်ကို ခွင့်လွှတ်နိုင်သည့် သတ္တိခွန်အားမျိုး၊ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ဖို့ နှလုံးသွင်းပုံမျိုး၊ ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ မတူသူတွေ အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ မဟာငြိမ်းချမ်းရေးဆိုင်ရာ ဒဿနများကိုမူ ကျနော်တို့အဖို့ လက်တွေ့ကျင့်သုံးရန် တွန့်ဆုတ်နေမိဆဲ။
ကျနော်သည် ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကို ဖတ်ကာ ဆရာဒဂုန်တာရာ၏ မှန်သားပြင်ကို ထုခွဲဖို့ ကြိုးစားကြည့်ခဲ့၏။ မှန်သား ဖန်သားပြင်က ကွဲမသွား...။ ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာက မှန်သားပြင်ပေါ်တွင် အထင်အရှား ရှိနေဆဲ။
တချိန်ကမူ ဂျပန်အမျိုးသား ဒဿနပညာရှင် ဖူကူယားမားက သမိုင်းသည် နိဂုံးချုပ်သွားပြီဟု ဆိုခဲ့သည်။ ဆရာဒဂုန်တာရာကမူ သမိုင်းသည် နိဂုံးမချုပ်ဟု အစောဆုံး ကန့်ကွက်ခဲ့၏။ မှန်သည်။ သမိုင်းသည် နိဂုံးမချုပ်သေး။ အထူးသဖြင့် ဒဂုန်တာရာ၏သမိုင်းသည် နိဂုံးမချုပ်သေး။
ကျနော်သည် ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကိုဖတ်ကာ မှန်သားပြင်တခုကို ထုခွဲဖို့ ကြိုးစားကြည့်ခဲ့၏။ သို့သော်... မှန်သားပြင်က ကွဲမသွား။ မှန်သားပြင်ထဲကဆင့် ဆရာဒဂုန်တာရာက ကျနော့်ကို ကြင်နာလေးနက်စွာ ပြန်ကြည့်နေ၏။ ။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)