ထိုနေ့က လမ်းဘေးပန်းဈေးခင်းတခုကို တွေ့ရလိမ့်မည်ဟု ကြိုတင်ပြီး ကျနော် မသိခဲ့။
ကျနော်က တလုံးချင်းစီမှာ ပေါ်တူဂီဟူသော စာတန်းလေးများကပ်ထားသည့် သစ်သီးဆိုင် တဆိုင်ပေါ်က ငှက်ပျောသီးကို ဝယ်ဖို့ရန် သည်ကွက်လပ်ဘက်ကို ရောက်လာခြင်းဖြစ်သည်။ ငှက်ပျောသီးဝယ်ဖို့ ရောက်လာခြင်းသာဖြစ်သည်။ ပေါ်တူဂီနိုင်ငံက တင်သွင်းသည့် ငှက်ပျောသီးကို တခုတ်တရ ဝယ်စားကြည့်ဦးမည်ဟူသော ရည်ရွယ်ချက်ဖြင့်သာ သည်နေရာကို ရောက်လာခြင်းဖြစ်သည်။ အခုတော့ မမျှော်လင့်ဘဲ အော်စလိုမြို့ပေါ် ဘုရားရှိခိုးကျောင်းကြီးတခုအနီးက လမ်းဘေးပန်းဈေးခင်းကလေးကို ကျနော် တွေ့ခွင့်ကြုံသည်။
လွန်ခဲ့သော ၂ ရက်က သည်နေရာကို ကျနော်ရောက်လာခဲ့သေးသည်။ ထိုနေ့ကတော့ ကိုအေးချမ်းနိုင်၏အိမ်မှအပြန် ဘတ်စ်ကားမစီးဘဲ အိမ်အထိ လမ်းလျှောက်ပြန်လာရင်းက ဘုရားရှိခိုးကျောင်းကြီးအနီးတွင် သစ်သီးဆိုင်တဆိုင်ရှေ့ ကျနော်ရပ်ခဲ့သည်။ သစ်သီးဝယ်ရန် ပိုက်ဆံလည်း မပါသဖြင့် ဆိုင်ရှေ့မှ ရပ်ကြည့်ရုံသာ ရပ်ကြည့်ခဲ့သည်။
ကျနော်က ဆိုင်ပေါ်က ခင်းကျင်းပြသထားသည့် အသီးအနှံများ အားလုံးကိုမူ အမျိုးအမည် ခွဲခြားပြီး မသိပါ။ သစ်သီးအတော်များများကိုလည် မမြင်ဘူး မစားဘူးသေးပါ။ ခင်းကျင်းရောင်းချနေသည့် သစ်သီးအများစုမှာ ကျနော်တို့အာရှတိုက်တွင် မြင်တွေ့ရလေ့ရှိသည့် သစ်သီးများလည်း မဟုတ်ပါ။ ကျနော်စိတ်ဝင်စားသည်က တလုံးချင်းစီမှာ ပေါ်တူဂီဟူသော စာတန်းလေးများကပ်ထားသည့် ငှက်ပျောဖီးများသာ ဖြစ်သည်။ နော်ဝေနိုင်ငံတွင် ငှက်ပျောသီး အလွန်မတန်ရှားသည်ဟု ဆိုသည်။ ပေါ်တူဂီနိုင်ငံမှ ငှက်ပျောသီး တင်သွင်းရဟန်တူသည်ဟု ကျနော်ယူဆသည်။ ထို့ကြောင့် ကြုံတောင့်ကြုံခဲ ပေါ်တူဂီငှက်ပျောသီး စားဖူးသည်ဖြစ်အောင် နောက်ထပ် ၂ ရက်ရှိသောအခါ သည်နေရာသို့ နောက်တခေါက် ကျနော် ရောက်လာခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီငှက်ပျောသီး တဖီးကို ခရိုနာ ၆၀ ပေးပြီး ဝယ်လိုက်သည်။ ထို့နောက် ဘုရားရှိခိုးကျောင်းကြီးရှေ့မှဖြတ်ကာ မြေကွက်လပ်တခုဘေးသို့ ရောက်လာခဲ့သည်။ ထိုစဉ်မှာပင် လမ်းဘေး ပန်းဈေးခင်းကလေးကို ကျနော် တွေ့ရခြင်းဖြစ်သည်။
ပန်းဈေးခင်းလေးကို တွေ့လိုက်ရသည်ဆိုလျှင်ပဲ ကျနော့်မှာ ရုတ်တရက် နိုးကြား ရွှင်လန်းသွားရသည်။ ပန်းဈေးခင်းလေး၏ နောက်တွင် မှန်လုံကားကြီးတစင်း ဆိုက်ထားသည်ကို တွေ့ရသည်။ ညနေမိုးချုပ်သောအခါ သည်မှန်လုံကားကြီးပေါ်တွင် ယခု ခင်းကျင်းပြသ ရောင်းချနေသည့် ပန်းအိုးများကိုတင်ကာ အိမ်ပြန်သွားလိမ့်မည်ဟု သိရသည်။ ထို့ကြောင့် သည်ပန်းဈေးခင်းလေးမှာ ရွှေ့ပြောင်းပန်းဆိုင် ပန်းဈေးခင်းလေးဖြစ်သည်ကို ကျနော်သိသည်။
ခင်းကျင်းပြသထားသည့် ပန်းပင်ပန်းအိုးများမှာ အရွယ်အစား အမျိုးမျိုး၊ အရောင်အသွေး အမျိုးမျိုး၊ ပန်းပင်အမျိုးအမည် အမျိုးမျိုး။ ကျနော့်အဖို့ မမြင်ဘူးသည့် ပန်းပင်များက အများစုဖြစ်သည်။ အာရှတိုက်တွင် မြင်တွေ့နေကြ ပန်းပင်များက အနည်းစုဖြစ်သည်။ ကျနော်က ပန်းဈေးခင်းလေးကို အဝေးမှလည်း လှမ်းကြည့်သည်။ အနီးကပ် အချိန်ယူပြီးလည်း ကြည့်သည်။ ဝယ်တော့မဝယ်ဖြစ်ပါ။
ပန်းပင်အားလုံး ပန်းအိုးများတွင် အသင့်ထည့်စိုက်ထားပြီး ဖြစ်သည်။ ကျနော်တို့ဆီမှာလို မြေကြီးခဲ တွဲလောင်းနှင့် ရောင်းချခြင်းမဟုတ်။ အထူးသဖြင့် လက်တဝါးမရှိတရှိ အသင့်စိုက်ပြီး ပန်းအိုးကလေးများကအစ ရေအိုးအကြီးသာသာ ပန်းအိုးများအထိ စီကာရီကာချထားပြီး ရောင်းချနေခြင်း ဖြစ်သည်။ ငယ်သောပန်းအိုးများမှာ သံကြိုးကွင်းကလေးများ ဆွဲထားလျက် အိမ်တွင် အဆင်သင့် အလှချိတ်ပြီး ထားလို့ရအောင် စီစဉ်ထားခြင်းဖြစ်သည်။
အော်စလိုမြို့လယ် ပန်းဈေးခင်းကလေးကို အချိန်ယူ စောင့်ကြည့်နေမိစဉ် ကျနော့်စိတ်ထဲ လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က နေ့စဉ်လိုလို တဆောင်းတွင်းလုံးလိုလို မနက်ခင်းတိုင်းလိုလို စောင့်ကြည့်နေခဲ့ဖူးသည့် ကျနော့်ဇာတိ ကျွဲပွဲမြို့ကလေးက ပန်းဈေးခင်းကို သွားပြီး သတိရလာခဲ့သည်။
ထိုအခါ ကျနော့်မှာ အော်စလိုမြို့လယ်က ပန်းဈေးခင်းကလေးနှင့် မလှမ်းမကမ်း ကွက်လပ်ဘေးက ခုံတန်းလျားတွင် သွားထိုင်ပြီးမှ ကျွဲပွဲမြို့ ပန်းဈေးခင်းလေးကို ခံစား လွမ်းသမိတော့သည်။
တခါတရံ ကျနော်သည် ကျနော်ပျော်ဝင်ပတ်သက်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကိစ္စများအရ ကျနော်နေထိုင်ရာ ရွာကလေးမှ ထွက်ခွာလာခဲ့ပြီး ကျွဲပွဲမြို့တွင် ရက်ပေါင်းများစွာ လချီပြီး နေထိုင်ရလေ့ ရှိခဲ့သည်။ အဖွဲ့ချုပ်အဖွဲ့ဝင် ဦးမြင့်ဦး၏ အိမ်ရှေ့ ကွမ်းယာဆိုင်ကလေးထဲတွင် ကျနော် တည်းခိုအိပ်စက်သည်။ ထိုစဉ်က မနက် ငါးနာရီဝန်းကျင်တိုင်းလိုလို ကျနော် အိပ်ယာကထသည်။ ကားလမ်းဆုံတွင်ရှိသည့် ငြိမ်းချမ်းရေး လက်ဖက်ရည်ဆိုင်ဆီ ရောက်လာလေ့ရှိသည်။ ကျနော် အမြဲဆောင်ယူလာလေ့ရှိသည့် သီချင်းခွေကိုပေးကာ ဖွင့်ခိုင်းလိုက်သည်။ ဆိုင်ရှင် ဦးတင်အောင်ကလည်း ကျနော့်အပေါ် နားလည်သည်။ သီချင်းခွေကို ခပ်တိုးတိုးဖွင့်ပေးသည်။ ကျနော်က ဆိုင်ရှေ့ လက်ဖက်ရည်ဝိုင်းတွင် ထိုင်သည်။ နှင်းများ ထူထပ်စွာကျနေသည့် ကားလမ်းမပေါ် ငေးကြည့်ကာ ကျွဲပွဲမြို့ကလေး၏ ဟေမန္တဆည်းဆာကို ခံစားငေးမောသည်။
ထိုဆည်းဆာမနက်ခင်းများသည်ကား ကျနော့်နှလုံးသားထဲတွင် ယခုအချိန်အထိ စိမ်းလန်းလျက်ရှိနေဆဲ။ တခါတရံ ကျနော်က ကားလမ်းဆုံက ငြိမ်းချမ်းရေး လက်ဖက်ရည်ဆိုင်ကို အချိန်စောပြီး ရောက်လာခဲ့သည်။ ဆိုင်ရှေ့ လက်ဖက်ရည်ဝိုင်းတွင် တဦးတည်းထိုင်သည်။ လက်ဖက်ရည်တခွက်နှင့်အတူ သီချင်းနားထောင်သည်။ ကားလမ်းဆုံ လမ်းမဘက် မျက်နှာမူပြီးထိုင်သည်။ မကြာမီ နှင်းများ ထုနှင့်ထည်နှင့် ကျလာလေတော့သည်။
ကားလမ်းဆုံက ကားဂိတ်တွင် ခရီးသည်တင်ကား တစီးစ နှစ်စီးစ ဆိုက်သည်။ မကြာခင် ကားလမ်းဆုံ လမ်းဘေးတွင် ရောင်စုံပန်းဈေးခင်းလေးကို နှင်းများမသဲမကွဲကြားတွင် ကျနော်တွေ့လာရသည်။ ပန်းသည် ဆယ်ဦးခန့်မှာ လမ်းဆုံကားဂိတ်ဘေးတွင်ပင် ပန်းခြင်းတောင်းများ တန်းစီပြီးချကာ ပန်းဈေးခင်းလေးကို ခင်းကျင်းလိုက်သည်။ အစပထမတော့ နှင်းတွေထူထပ်လွန်းသည်ကတကြောင်း နေရောင်အား မကောင်းသေးသည်က တကြောင်းကြောင့် ပန်းဈေးခင်းလေးကို တစွန်းတစသာ မြင်နေရသည်။ အဝါရောင်လိုလို အစိမ်းရောင်လိုလို ပန်းတောင်းတခုလိုလို နှင်းတွေကြားတွင် မထင်မရှား တွေ့ရသည်။ အာရုံစူးစိုက်ပြီး ကြည့်နေစဉ်မှာပင် သဘာဝပန်းချီဆရာက နောက်ထပ် အနီရောင်ဆေးစက်တစကို ချပေးလိုက်ပြန်သည်။ ရောင်စုံပန်းခင်းလေးမှာ မပီဝိုးဝါး ပန်းချီကားတချပ် ဖြစ်လာသည်။ မကြာမီ နှင်းတွေ တစတစ ကွဲသွား၏။ ရောင်စုံ ပန်းဈေးခင်းလေးကို ကျနော် အထင်အရှား လှမ်းမြင်လာရသည်။ ပန်းဈေးခင်းလေးသည်ကား နှင်းထုကြီးကြားမှ ပန်းချီကားတချပ်လို ဘွားကနဲ ထင်းကနဲ ပေါ်လာလေတော့သည်။
ယခုလည်း ကျနော်သည် နော်ဝေနိုင်ငံ မြို့တော် အော်စလိုမြို့လယ်က ပန်းဈေးခင်းလေးကို ထိုင်ပြီး ကြည့်နေမိပြန်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ကျနော် တခုတ်တရ စွဲမက်စွာ စောင့်ကြည့်နေခဲ့ဖူးသည့် ကျွဲပွဲမြို့ကလေးရဲ့ ပန်းဈေးခင်းကလေးကို ပြန်လည်မြင်ယောင်လာရသည်။
ကျွဲပွဲမြို့ ကားလမ်းဆုံက ပန်းဈေးခင်းကလေးသည်ကား ယခုအခါ ရှိကောင်းမှ ရှိပေတော့မည်။ တနေရာရာသို့ ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့သွားပေလိမ့်မည်။ သို့သော် ထို နှင်းထုကြီးကြားက တဖြည်းဖြည်း ထင်ရှားပေါ်လာနေသည့် ကျွဲပွဲမြို့က ပန်းဈေးခင်းကလေး၏ မြင်ကွင်းကမူ ကျနော့်စိတ်ထဲ ကျနော့်ရင်ထဲ ဘယ်တော့မှ မှေးမှိန်မသွားနိုင်သေး။ တိုက်ဆိုင်သည့်အချိန်တိုင်း စိမ်းလန်း လတ်ဆတ်နေဆဲပင် ဖြစ်သည်။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)
၂၇၊ ၉၊ ၁၉၉၆။ အော်စလိုမြို့။
ပန်းစျေးခင်းလေးကို ဓာတ်ပုံရိုက်ခဲ့သော်လည်း ယင်းဓာတ်ပုံများ ကံဆိုးစွာ ပျောက်ရှခဲ့ရပါသည်။