(က)
မျက်မှောက်ခေတ် မြန်မာစာပေနယ်ပယ်တွင် ကဗျာဆရာကြီး ‘ဒဂုန်တာရာ’ သည် အငြင်းအပွားရဆုံး ပုဂ္ဂိုလ်တဦးဖြစ်၏။ သူသည် အတတ်ပညာရေးရာအပိုင်းနှင့် အကြောင်းအရာရေးရာအပိုင်း နှစ်ခုစလုံးတွင် ထူးခြားသစ်လွင်မြင့်မားသည့် တီထွင်မှု ခံယူမှု ရှိသူဖြစ်၏။ အထူးသဖြင့် အဘိဓမ္မာရေးရာအပိုင်းတွင် အပြင်းအထန် ဝေဖန်ငြင်းခုန်ခြင်း ခံရသူဖြစ်၏။ သူ၏ ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ အနုပညာရေးဆိုင်ရာ အယူအဆများမှာ လေးနက်ခက်ခဲလှ၏။ ဥပမာ…၊ ‘ကျနော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ’ အယူအဆ၊ ‘ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရသည်’ ဟူသော အပြောအဆို အယူအဆများမှာ မြန်မာစာပေ နယ်ပယ်တွင် ပွက်လောညံအောင် ငြင်းခုန်ကြရသည့် အယူအဆများဖြစ်၏။ အနုပညာရေးရာပိုင်းတွင် ‘အတတ်ပညာ မဲ့လျှင်မဲ့ပစေ၊ အဘိဓမ္မာ မမဲ့စေနဲ့’ ဟူသောစကားနှင့် ‘မုဆိုးစိုင်သင်’ အယူအဆများမှာ စာပေလောကအတွင်း သတိမပြုဘဲ မနေနိုင်လောက်အောင် အငြင်းပွားခဲ့ကြရသည့် အယူအဆများဖြစ်၏။ သူသည်ကား… မြန်မာစာပေသမားများထဲ၌ ‘ဗဟုဝါဒ’ ကို အစောဆုံးပြောဆိုသူ၊ ခံယူသူလည်း ဖြစ်လေသည်။
ငယ်စဉ်က ကျနော်သည် ကဗျာဆရာကြီး ‘ဒဂုန်တာရာ’ ၏ စကားလုံးရွေးချယ်မှု ဆန်းသစ်ခြင်း အပေါ် အာရုံညွှတ်ခဲ့၏။ ဥပမာ ‘ဝစ်လစ်စလစ်လမ်းမကြီး’ ‘ပန်းနုရောင်အို’ အစရှိသော စကားလုံးများဖြစ်၏။ ‘အနုပညာ’ ဟူသော စကားလုံးသည်ပင်လျှင် ဆရာကြီးဒဂုန်တာရာက စတင် တီထွင်အသုံးပြုခဲ့သော စကားလုံးအဖြစ် ပြောသံဆိုသံ ကြားရသောအခါ ကျနော့်နားရွက်များမှာ ပိုမိုပြန့်ကားသွားရ၏။
သည့်နောက်ပိုင်း၊ အသက်အရွယ်ရလာသောအခါမူ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာဆန်သော စကားများကို ပိုပြီး အာရုံကိုင်းညွှတ်လာခဲ့၏။ အထူးသဖြင့် သူ၏ ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ ပြီးတော့ ဗဟုဝါဒ..ကို ပိုပြီး စိတ်ဝင်စားခဲ့မိလေသည်။
(ခ)
ကဗျာဆရာကြီး ‘ဒဂုန်တာရာ’ သည် အလှဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီ ဖြစ်၏။ သည်အကြောင်းကို ပြောလျှင် စာတစောင် ပေတဖွဲ့ ရေးပြီး ပြောမှသာလျှင် ပြည့်စုံနိုင်မည်ဖြစ်သည်။ ကျနော်၏ဆောင်းပါးမှာ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာအယူအဆကို ခြုံမိငုံမိအောင် ဖော်ပြနိုင်မည် မဟုတ်သည်ကို ကျနော်သိပါသည်။ သို့သော်… မခြုံငုံမိသည့်တိုင် အထောက်အကူတခုအဖြစ် ယူဆလို့ရနိုင်သည့် ‘ကဗျာတပုဒ်’ ကို ကျနော် တင်ပြချင်ပါသည်။ ယင်းကဗျာမှာ ၁၉၈၇-ခု စက်တင်ဘာလထုတ် ‘မြတ်လေးမဂ္ဂဇင်း’ တွင် ဖော်ပြခဲ့သည့် ကဗျာဖြစ်၏။ ဆရာကြီး ဒဂုန်တာရာသည် ထိုကဗျာကို ‘လွတ်ငြိမ်းခွင့်’ ဟု ခေါင်းစဉ်တပ်လေသည်။
'လွတ်ငြိမ်းခွင့်'
ပြင်သစ်ပြည်က
လီယွန်တရားရုံး၊ ဆုံးဖြတ်ရန်မှာ
ဘော်လီဘီယာမှ၊ ဖမ်းကာပို့လာ
ဘာဘီဆိုသူ၊ နာဇီဖက်ဆစ်
လျှို့ဝှက်ပုလိပ်၊ ပါးကွက်သားတည့်
သူ့အား စစ်ဆေးရန် ရုံးချိန်းသောနေ့။
အမှုမှာမူ
လူသားတို့အား၊ မတရားသက်သက်
ရက်စက်ကြမ်းကြုတ်၊ နှိပ်စက်ညှဉ်းပန်း
ဖမ်းဆီးသတ်ဖြတ်၊ ဓာတ်ငွေ့အဆိပ်ခန်း
ထောက်လှမ်းပို့ပေး၊ အနှစ်လေးဆယ်ကျော်
စစ်အတွင်းက အမှုဖိုင်တွဲ။
သူ့လက်ချက်ကြောင့်
နှိပ်စက်ခံရ၊ ရှင်ပြန်ထသူ
အမျိုးသမီးအို၊ ချိုင်းထောက်ကြီးနှင့်
တံတွေးထွေးပြီး၊ မလေးမဖင့်
နင်မှ နင်ပဲ၊ တိုင်းထွာဆဲရေး
ပြင်သစ်တော်လှန်ရေးသမား၊ သတင်းပေးသူ
ဖမ်းပေးသူလည်း၊ နင်မှ နင်အစစ်ပဲ
မျက်မြင်သက်သေ၊ ထွက်ဆိုလေရာ
ဘာဘီခမျာ၊ အသာခေါင်းခါ
ဘာမှမသိ၊ ငြင်းကွယ်ဘိငြား
တရားရုံးက၊ စီရင်ချက်ချ
တစ်သက်ထောင်ဒဏ် ကျခံစေသတဲ့။
ငါတစ်မူကား
ငြိမ်းချမ်းရေးသမားမို့၊ သူ့အားခွင့်လွှတ်
လွတ်ငြိမ်းခွင့် ပေးလိုက်ချင်သည်။
ခွင့်လွှတ်ခြင်းသည်
လက်စားချေခြင်းထက်၊ ထက်မြက်လက်နက်
ခက်ခဲပေမင့်၊ မြင့်မြတ်စိတ်ထား
သဘောထားကြီးလိုက်ပါ။ ။
(ဂ)
‘လွတ်ငြိမ်းခွင့်’ ကဗျာကို ဆရာကြီး ‘ဒဂုန်တာရာ’ သည် ၁၉၈၇-ခုနှစ်တွင် ရေးခဲ့ခြင်းဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး မပေါ်ပေါက်မီ ၁၁ လအလိုတွင်ဖြစ်သည်။ ထို့ကြောင့် ‘လွတ်ငြိမ်းခွင့်’ ကဗျာမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း အခက်အခဲကို ကြိုမြင်သည့်အတွက် ရေးဖွဲ့ဖော်ပြခဲ့ခြင်းဖြစ်သည်လော ဟူ၍ပင် ယူဆရပေသည်။ အမျိုးသားသွေးကွဲမှုကြီး အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အချိန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစများကို ရှာဖွေနေကြရသည့် ယခုလိုအချိန်အခါမျိုးတွင် ‘လွတ်ငြိမ်းခွင့်’ ကဗျာမှာ အဘိဓမ္မာရေးအရ လွန်စွာအရေးပါလှသည့် ကဗျာဖြစ်သည်ဟု ကျနော်ယူဆမိသည်။
‘လွတ်ငြိမ်းခွင့်’ ဆိုသည်မှာ အတိုင်းအတာတခုတော့ ရှိသင့်သည်။ သို့မှသာလျှင် နောင်တွင် နောက်ထပ် အပြစ်ကျူးလွန်သူများ ပေါ်ပေါက်မလာစေရန် ကာကွယ်ရာရောက်သည်ဟုဆိုကာ ဆရာကြီး ‘ဒဂုန်တာရာ’ ၏ ‘လွတ်ငြိမ်းခွင့်’ ကို လက်တွေ့မကျသည့် စိတ်ကူးယဉ်အယူအဆ တခုအဖြစ် ဝေဖန်သူတချို့က အပြင်းအထန် ဝေဖန်ကန့်ကွက်ကြ၏။ ‘လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်’ ဟူသော အမြင်ရှိသူတို့ကလည်း ဆရာကြီးဒဂုန်တာရာ၏ ‘လွတ်ငြိမ်းခွင့်’ ကဗျာကို အလျှော့ပေးရေးဝါဒ၊ အညံ့ခံရေးဝါဒ ဖြစ်သည်ဟု ဝေဖန်ကြ၏။ တချို့ကဆိုလျှင် ‘ထာဝရ ကျွန်ခံရေး’ အဘိဓမ္မာတခုအဖြစ်ပင်လျှင် တင်စား ပြောဆိုကြလေသည်။
၁၉၅၇-ခုနှစ်အတွင်းတုန်းက ဖြစ်သည်။ ‘ဟန်ဂေရီ’ နိုင်ငံအတွင်းသို့ ဆိုဗီယက်ရုရှား တင့်ကားများ ဝင်ရောက်လာခဲ့ပြီး ဟန်ဂေရီနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်ဖြေရှင်းသောအခါ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အမှုဆောင်အဖွဲ့၌ ဆိုဗီယက်တို့၏ စစ်ရေးဆောင်ရွက်ချက်ကို ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ရန်ကိစ္စ စည်းဝေးတိုင်ပင်ခဲ့ကြဖူး၏။ ထိုစဉ်က ယင်းအမှုဆောင်အဖွဲ့တွင် လက်ဝဲအယူအဆကို တိမ်းညွှတ်သည့် ပုဂ္ဂိုလ်များက အများစုပါဝင်၏။ ဆရာကြီး ‘ဒဂုန်တာရာ’ သည် ‘ဟန်ဂေရီ’ ပြည်အတွင်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်သည့် ဆိုဗီယက်တို့ကို ကန့်ကွက်ရမည် ဖြစ်ကြောင်း အဆိုပြုခဲ့၏။ သို့သော် ယင်းအယူအဆကို ထောက်ခံမည့်သူ တဦးမျှပင်မရှိခဲ့။ အမှုဆောင်တဖွဲ့လုံးက ဆရာကြီး ‘ဒဂုန်တာရာ’ ၏ အဆိုကို မထောက်ခံနိုင်ခဲ့ကြ။ ဤအဖြစ်အပျက်ကိုကြည့်လျှင် မြန်မာစာပေသမိုင်း၌ ‘အမျိုးသားတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်’ ဆိုင်ရာ သဘောတရားအမြင်တွင် ဆရာကြီး ‘ဒဂုန်တာရာ’ သည် အများတကာထက် စောစွာ၊ မှန်စွာ၊ တည့်မတ်စွာ သိမြင်လက်ခံနိုင်ခဲ့သူဟု ဆိုရပါမည်။
ယခုလည်း ‘လွတ်ငြိမ်းခွင့်’ ကဗျာတွင် လူသားတို့၏ ရန်သူဖြစ်ခဲ့သူ၊ လူသားတို့အား သေတွင်းသို့ပို့ခဲ့သူ၊ စစ်ရာဇဝတ်ကောင်တဦးအား ဆရာကြီး ‘ဒဂုန်တာရာ’ က ‘လွတ်ငြိမ်းခွင့်’ ပေးသင့်သည်ဟု ဆိုခဲ့ပြန်ပါပြီ။
ကဗျာဆရာကြီး ‘ဒဂုန်တာရာ’ သည်ကား မျက်မှောက်ခေတ် မြန်မာစာပေသမိုင်း၌ အငြင်းပွားအခံရဆုံး ကဗျာဆရာကြီးတဦး ဖြစ်သည်ဆိုသည့် အဆိုအပေါ် ‘လွတ်ငြိမ်းခွင့်’ ကဗျာသည် အထောက်အကူဖြစ်စေသည့် အချက်တချက် ဖြစ်လာခဲ့သည်ဟု ကျနော် ယူဆမိပေသည်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)