တကယ်တော့ ဒီသုံးယောက်စလုံးကို ကျနော် လေးနက်တယ်။ ကြွေတယ်။
သခင်ဗဟိန်းကို ဓနရှင်လောကစာအုပ်နဲ့ တွဲမြင်တယ်။ လွတ်လပ်ရေးတိုက်ပွဲ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ အကူအညီရရှိရေး တရုတ်ပြည်ကိုအသွား ရှမ်းပြည်မရောက်ခင် သင်္ဘောနဲ့အသွား ဘယ်မြို့ရောက်ရောက် ကုန်းပတ်ပေါ်တက်ပြီး သူ့ချစ်သူ ခင်မကြီးဆီ စာတိုက်ပုန်းထဲ စာမှန်မှန်ပို့တဲ့အကြောင်း အတူသွားခဲ့သူ ဒဂုန်တာရာက စာပြန်ရေးတော့ ကျနော်တို့ ရင်ခုန်ကြရ။ “ဗဟိန်း သို့မဟုတ် ကဗျာ” ဆိုပြီး ဆရာဒဂုန်တာရာ ရုပ်ပုံလွှာရေးတော့လည်း ကျနော်တို့မှာ စီးမျောလိုက်ပါခဲ့ကြရ။ သခင်ဗဟိန်းကို ဒဂုန်တာရာနဲ့ တွဲပြီး မြင်တယ်။
တခါ ဆရာဗန်းမော်တင်အောင် ဆိုရင်လည်း ဒဂုန်တာရာနဲ့ ခွဲမြင်လို့ကို မရခဲ့ဘူး။
ကျနော့်အတွက်တော့ ဒီသုံးယောက်ဟာ စံပဲ။
ဗန်းမော်တင်အောင်ဟာ လွတ်လပ်ရေးခေတ်ဦး ဒဂုန်တာရာနဲ့ တလျှောက်လုံးတွဲခဲ့တာ။ စာပေတိုက်ပွဲ အယူအဆရေးတိုက်ပွဲ ဘယ်တော့မှ သူတို့နှစ်ယောက် မခွဲဘူး၊ မကွဲဘူး။
လက်ဝဲယိမ်းအုပ်စုထဲမှာပဲ မြသန်းတင့်၊ ကြည်လင်၊ အောင်လင်း၊ အဲဒါ ဆရာဗန်းမော် ဆရာတာရာ မတူကြဘူး။ တချို့ကိစ္စတွေက တော်တော်ပြင်းထန်တယ်၊ ဒီရေမြင့်တယ် သစ်တယ်။ ကာယကံရှင်တွေက ကိုယ့်စည်းဝိုင်းအတွင်း ပဋိပက္ခကို ကွယ်လွန်ချိန်အထိ ထုတ်မပြောခဲ့ကြပေမဲ့ တချို့ကိစ္စတွေက တော်တော်စိတ်ဝင်စားဖို့ကောင်း။ အဲဒီအချိန်တုန်းက ဘယ်သူမှား ဘယ်သူမှန်တယ်ဆိုတာ ရေချိန်မြင့်ချိန်မို့ အဖြူအမည်း မကွဲပေမဲ့ အချိန်ကာလ တခုကိုကျော်တော့ အမှားအမှန်ကို ကျနော်တို့ သိလာရတယ်။ ဒီအခါမှာ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာတို့ရဲ့ ရပ်တည်ချက် နက်နဲခိုင်မာမှုကို မော့ကြည့်ကြရတယ်။ ဘယ်သူတွေ ဘယ်လဲ ဘာလဲ ကွဲပြားရတယ်။
ဥပမာ ဆိုဗီယက်ရုရှားစစ်တပ်တွေ ဆိုရှယ်လစ်စနစ်ကို ကာကွယ်ဖို့ဆိုပြီး ဟန်ဂေရီကို ကျူးကျော်တော့ မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးရဲ့ အမှုဆောင်အဖွဲ့မှာ အမှုဆောင် တဖွဲ့လုံးနဲ့ ဆန့်ကျင်ပြီး ဒဂုန်တာရာတယောက်တည်းက ကန့်ကွက်ခဲ့တယ်။ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဘက်က ရပ်တည်တယ်။ နောင်တော့ ဆရာတာရာရဲ့ မြင့်မားမှန်ကန်လှတဲ့ အယူအဆရေး အဖြေပေါ်လာရတယ်။ ကျနော်တို့မှာ စုတ်တသပ်သပ်နဲ့ အံ့သြဘနန်းပေါ့။
နောင် စာပေသစ်လမ်းကြောင်းပေါ်မှာပဲ ဆိုရှယ်နီတွေ အလံနီတွေနဲ့ အယူအဆရေး ကွဲတဲ့အခါ ဗန်းမော်တင်အောင်နဲ့ ဒဂုန်တာရာက လက်တွဲမဖြုတ်ခဲ့ကြဘူး။ ၁၉၇၀ ဝန်းကျင် ခေတ်ပေါ်ကဗျာ လူးလွန့်ပွင့်လန်းဖို့ အားယူလာစဥ် ဆရာတာရာရဲ့ “အတတ်ပညာ မဲ့ချင်မဲ့ပါစေ အဘိဓမ္မာ မမဲ့စေနဲ့ ဆိုတဲ့စကား”၊ “မုဆိုးစိုင်သင်အယူအဆ” .... ဒါတွေက ခေတ်ပေါ်ကဗျာ လူငယ်တွေကို ခွန်အားဖြည့်သလိုဖြစ်ခဲ့တာ ကျနော်တို့ မျက်ကွယ်မပြုနိုင်ဘူး။
ဗန်းမော်တင်အောင်ဆိုတာက မြန်မာ့လွတ်လပ်ရေးခေတ်ဦး ဗွေဆော်ဦး အဖမ်းခံရသူ စာရေးဆရာပါ။ သူက စာပေဗိမာန်ဆုကိုလည်း မယူဘဲ ငြင်းခဲ့တယ်။ အဲဒီတုန်းက အမျိုးသားစာပေဆုဆိုတာ မရှိသေးဘူး။ စာပေဗိမာန်ဆုက အမျိုးသားစာပေဆုသဘော ဖြစ်ခဲ့တာ။ အဲဒီနှစ်က အောင်လင်းနဲ့တွဲပြီးမှ ရတာ။ အောင်လင်းက ဆုပေးပွဲကို ဂျစ်ကားနဲ့ရောက်လာ စင်ပေါ်တက် ဆုယူသွားခဲ့တာ။ အဲဒီအချိန်က ဒီနိုင်ငံမှာ စာပေဗိမာန်စာပေဆုဆိုတာက အမြင့်ဆုံးစာပေဆု။ နောင်တော့… “အောင်လင်း” “ဗန်းမော်တင်အောင်” ဘယ်လဲ ဘာလဲ ကွဲပြားလာကြရတာပဲ။ ပြီးတော့ သူက စာပေသက်ထက် ထောင်သက်က ပိုများတဲ့စာရေးဆရာ။ တကျွန်းတင်မက နှစ်ကျွန်းစံ စာရေးဆရာ။
မျက်မှောက်ခေတ်က ဟိုတခေတ်နဲ့မ တူတဲ့ရေချိန် ဖြစ်တယ်။ အခြေအနေ ဘယ်လောက်ရှုပ်ထွေးသလဲဆိုရင် စစ်အာဏာရှင်စနစ် တည်တံ့စေပြီး ခေတ်သစ်ကို တောင်းဆိုတဲ့ စာပေတွေကို နှိပ်ကွပ်တဲ့ စာပေသမားဆိုသူတချို့က လူထုကို လူငယ်တွေကို ဟောပြောလမ်းညွှန် ပညာပေးခွင့်ရနေကြတဲ့ခေတ်။ အတော်ရှုပ်ထွေးတယ်လို့ ထင်ရတဲ့ခေတ်။
အမျိုးသားစာပေဆုဆိုတာတွေ၊ စာပေစိစစ်ရေး ဆိုတာတွေက စစ်အာဏာရှင်စနစ် တိုးတက်ခိုင်မာအောင် ရာစုနှစ်တဝက်ကျော်ကျော် ဝိုင်းပြီး ကျားကန်ပေးထားခဲ့ကြတယ်။ အနှစ်သာရအရ တကယ် တိုးတက်တဲ့အမြင်ရှိပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ စာပေတွေ ဆိုရင် အမျိုးသားစာပေဆုနား ဘယ်ကပ်လို့ရမှာလဲ။
အဲဒီ စာပေစိစစ်ရေးနဲ့ အမျိုးသားစာပေဆု အဝန်းအဝိုင်းတွေထဲမှာ ထဲထဲဝင်ဝင်ပါဝင်ပြီး အာဏာရှင်အကျိုးပြုအလုပ် လုပ်ခဲ့ကြသူတချို့ကိုပဲ သမိုင်းအသိ ထိရောက်အောင် လက်လှမ်းမမီနိုင်ကြတဲ့ လူငယ်တွေက ဝိုင်းပြီးဝန်းရံကြ၊ သူတို့ရဲ့ စာပေတွေကို တခုတ်တရ ကိုးကားကြ ရှယ်နေကြတယ်။ အဲဒီ အာဏာရှင်အကျိုးပြုသူတချို့က သမိုင်းကွင်းဆက် ပြတ်နေတာကို အသုံးချပြီး တော်လှန်ရေးယောင်ယောင် အာဏာရှင်ဆန့်ကျင်ရေး ယောင်ယောင်တွေ ရေးရင် လက်ခုပ်သံတွေ ညံနေရောပဲ။ ဒီကြားထဲ ခေတ်ပေါ်ကဗျာ ခေတ်ပေါ်စာပေကို ပညာတတ်ညာဥ်နဲ့ တချက်တချက် ထိုးနှက်ကြတဲ့သူတချို့ကလည်း ခုတော့ ခေတ်ပေါ်ကဗျာ ပင်မရေစီးကြောင်းပေါ်မှာ အလိုက်သင့်ဝင်ရော မျောပါလာနေကြတယ်။
အယူအဆရေးရာမှာ ဂဠုန်ဦးစောလိုလူကို သတ္တိရှိသူ၊ စွန့်စားရဲသူ၊ ပြတ်သားသူအဖြစ် ဂုဏ်ဖော်ခံစားလို့ရနိုင်တဲ့ ဇာတ်ကောင်စံတလွဲ မှားယွင်းတဲ့အမြင်ရှိသူ တချို့နဲ့ ခေတ်ပေါ်စာပေ အပေါ် ကိုယ်ထိလက်ရောက် ဝိုင်းပတ်ပိတ်ဆို့ခဲ့ကြသူတချို့ဟာ လူငယ်တွေ အားကိုးစရာ ကိုးကားစရာ မှတ်သားစရာ စာပေပညာရှင်များအဖြစ်နဲ့ သြဇာကြီးသူများအဖြစ် ရှေ့တန်းမှာ ထိုင်နေကြတယ်။
ထားပါတော့လေ။ ဒါတွေက လူထုအစိုးရ လူထုယဥ်ကျေးမှု ရှိလာတဲ့အခါ ရှင်းကြရမှာပဲ။ ရိုးသားရင် ရှင်းကြပေါ့။
လက်ရှိမှာ
ဗဟိန်းလို
ဒဂုန်တာရာလို
ဗန်းမော်တင်အောင်လို စာပေသမား မရှိဘူး။
အင်မတန် မှားယွင်းရှုပ်ထွေးပြီး နက်နဲလှတဲ့ နိင်ငံရေးရေချိန်တခုမှာ ဗဟိန်း လိုမဟုတ်တဲ့၊ ဒဂုန်တာရာ လိုမဟုတ်တဲ့၊ ဗန်းမော်တင်အောင် လိုမဟုတ်တဲ့ သူတွေကိုပဲ လူငယ်တွေ လက်ခံကြရတယ်။ ရကြရတယ်။ ကြေကွဲရပါတယ်။
ဘာမှမဟုတ်ပါဘူး။
ဆရာဗန်းမော်တင်အောင်ကို ရင်ထဲက တခုတ်တရ သတိရနေမိလို့ အကြိတ်အခဲတခု ချရေးမိတဲ့သဘော သက်သက်ပါပဲ။ ဘယ်တတ်နိုင်မလဲ။ ဒီလောက်ပဲ ကျနော်တို့ ရခဲ့ပြီပဲလေ....။ ခေတ်ကြီးက အမှောင်ခေတ်ကြီးပဲ မဟုတ်ပါလားဗျာ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
ဝန်ခံချက်။ ။ အောက်ပါအတိုင်း ကျနော်ရေးခဲ့တာမှာ ...ဥပမာ ဆိုဗီယက်ရုရှားစစ်တပ်တွေ ဆိုရှယ်လစ်စနစ်ကို ကာကွယ်ဖို့ဆိုပြီး ဟန်ဂေရီကို ကျူးကျော်တော့ မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးရဲ့ အမှုဆောင်အဖွဲ့မှာ… ဆိုပြီး ရေးခဲ့ပါတယ်။ ဒီနေရာမှာ “မြန်မာနိုင်ငံစာရေးဆရာအသင်း” လို့ ကျနော်ရေးခဲ့တာ အမည်နာမ မှားကောင်း မှားနေနိုင်ပါတယ်။ အမှန်သိသူများ တည့်မတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။