Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာက ဈေးနှင့် အိမ်များကို စစ်တပ်မီးရှို့
DVB
·
July 15, 2023
360137670_1222473261660036_7685592257394405017_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိန်းမကားကျေးရွာက စည်ပင်သာယာစျေးနဲ့ နေအိမ်တွေကို ဇူလိုင် ၁၄ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တယ်လို့  ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ဆီက သိရပါတယ်။

ရှိန်းမကားကျေးရွာစခန်းက စစ်သားတွေဟာ ဇူလိုင် ၁၄ ရက်နေ့ ညပိုင်းမှာ သောက်စားမူးယစ်ပြီး ရွာ​မြောက်ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်တွေနဲ့ ရမ်းပစ်ခတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့က ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

"အကြောင်းမဲ့သက်သက် ရဲစခန်းမှာနေတဲ့သူတွေက မီးရှို့ခဲ့တာပါ။ စခန်းပေါ်ကနေ လက်နက်တွေရမ်းပစ်တယ်။ ည ၁၂ နာရီလောက်မှာ (ရှိန်းမကားရွာအနောက်ဘက်က) သဲဘုတ်ကုန်းကို မီးရှို့ပြီး စျေးနဲ့အိမ်တွေကို သက်သက်မဲ့ လိုက်မီးရှို့ခဲ့တာပါ" လို့ ပြောပါတယ်။

ရှိန်းမကားကျေးရွာရဲစခန်းက ရဲနဲ့စစ်သားတွေမီးရှို့တာကြောင့် သဲဘုတ်ကုန်းက နေအိမ်နဲ့ တဲ ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရှိန်းမကားရွာက ဈေးဆိုင်ခန်းနဲ့ လူနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ကလည်း ဝက်လက်မြို့ထဲကနေ တောင်ဘက်ကို အင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သာလိုင်းရွာမှာ အသက် ၆၀ အရွယ် အဘိုးအိုတယောက်ို သေနတ်နဲ့ပစ်သတ်ပြီး နောက်တနေ့မှာလည်း  သူတို့ညအိပ်ခဲ့တဲ့ သုံးဆင့်ကန်ရွာက အိမ်ခြေ ၂၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီမှာ အသက် ၆၂ အရွယ် ကျောင်းဆရာကြီးတယောက်ကို ပစ်သတ်ပြီး မီးရှို့ထားခဲ့သလို ပေါက်ကန်ကျေးရွာကို ဆက်သွားပြီး အိမ် ၁၀ လုံးကျော်ကို မီးရှို့ခဲ့ပါသေးတယ်။

ဓာတ်ပုံ - Wetlet Information Network

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024