မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကလေးငယ်တယောက် မိုင်းနင်းမိလို့ သေဆုံးခဲ့ပြီး စစ်တပ်က အမြောက်နဲ့ပစ်ခတ်လို့ သီလရှင်တပါး ဒဏ်ရာရခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာက အသက် ၁၂ နှစ်အရွယ် မောင်အေးချမ်းသခင်ဟာ ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းမှာ နွားကျောင်းထွက်လာရင်း ဝါးဒတ်ကွင်းနဲ့ ကညင်အိုင်ရွာကြားမှာ မိုင်းနင်းမိပြီး ဒဏ်ရာတွေရခဲ့ပါတယ်။
ညာဘက်ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့လို့ သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးသမားတွေက သိမ်ဇရပ်မြို့ပြည်သူ့ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာ ဒီနှစ်အတွင်း နင်းမိုင်းမိတာကြောင့် သေဆုံးသူအရပ်သား အနည်းဆုံး ၄ ယောက်လောက်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထို၊ သထုံနဲ့ ဘီးလင်းမြို့နယ်တို့မှာ အခုရက်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA၊ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာလာနေပြီး ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက လက်ပံပင်သုသာန်၊ သိမ်ဇရပ် ၂၀၇၊ အမြောက်တပ် ၃၁၀ တို့ကနေ ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။
ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာ ခမရ ၂၀၇ ကနေ ဟောင်ဝစ်ဇာ အမြောက်နဲ့ ၃ ချက် ပစ်ခတ်ခဲ့ပြီး မဲရုံးကြီး စာသင်ကျောင်းအနောက်ဘက်ကို တလုံးနဲ့ ရွာအနောက်ဘက်ကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံမှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်က ၆၀ မမ ၂ လုံး ပစ်ခတ်ခဲ့ပြီး အေးဘုရား မြသာလျောင်းဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းအဆောက်ဦတွေ ထိခိုက်ပျက်စီးပြီး သီလရှင်တပါးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာ မကြာခဏဆိုသလို စစ်တပ်က ပဟ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိနေပြီး ပြီးခဲ့တဲ့ မေ ၃၁ ရက်ကလည်း ဘိုက္ကားတပ်စခန်းကနေ ပစ်ခတ်လို့ မိသားစုဝင် ၆ ယောက် ထိခိုက် သေဆုံးခဲ့ပါတယ်။