တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ အမျိုးသားတယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်-၁ တပ်ရင်းက ဇူလိုင် ၁၁ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ PPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးခံရသူ အသက် ၃၈ နှစ်အရွယ် ဦးကျော်အေးဟာ လက္ကူးရွာမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူဖြစ်ပြီး မြိတ်ခရိုင် တပ်ရင်း-၁ က သူ့ရဲ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ပြန်ကြားရေးထံက သိရပါတယ်။
မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ဦးကျော်အေးကို အခုလက်ရှိ ကျနော်တို့တပ်ရင်းမှာပဲ ထိန်းသိမ်းထားတယ်။ ကျနော်တို့ ဦးကျော်အေးကို ဖမ်းဆီးပြီးတော့ တခြား အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ သိမ်းဆည်းရရှိမိတဲ့ ပစ္စည်းတွေနဲ့အတူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံမှာပါ။ မူးယစ်ဆေးဝါးကို ကျနော်တို့က စကစနဲ့ တတန်းတည်းထားပြီး တိုက်ဖျက်မှာဖြစ်လို့ မိမိတို့ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတာမျိုးရှိရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို သတင်းပေးဖို့ တိုက်တွန်းချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူ ဦးကျော်အေးနဲ့အတူ မြန်မာငွေ ၃၆,၂၆၈,၀၀၀ ကျပ်၊ WY ဆေး ၆၄,၉၃၅ ပြား၊ ဘုံ (ဆက်စပ်) တလုံး၊ မီးခြစ် ၂ လုံး၊ ခဲပြား ၁ လိပ်၊ နားစွဲ ၃ စုံ ၁ ခြမ်း၊ ဟန်းချိန်း ၁ ခု၊ လက်ကောက် ၅ ကွင်း၊ လက်စွပ် ၃ ကွင်း၊ ဆွဲကြိုး ၃ ကုံးနဲ့ လော့ကက် ၂ ခုတို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။