ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ရေတွင်းကုန်းကြီးကျေးရွာကို ဇူလိုင် ၉ ရက်နေ့မှာ ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် ရေတွင်းကုန်းကြီးကျေးရွာ အပါအဝင် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၁,၆၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ရေတွင်းကုန်းကြီးကျေးရွာဘက်ကို ထပ်မံ စစ်ကြောင်းထိုးတာကြောင့် ရေတွင်းကုန်းကြီးကျေးရွာ အပါအဝင် သပြေကုန်း၊ ဥသျှစ်ကုန်း၊ အုန်းပင်စု ကျေးရွာက ဒေသခံ ၁,၆၀၀ ကျော် ဇူလိုင် ၁၃ ရက်နေ့ထိ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
စစ်ကောင်စီ စစ်ကြောင်းထိုးပြီးနောက်ပိုင်း ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ နေအိမ်အတွင်း မွှေနှောက်ရှာဖွေထားတာ၊ နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့တဲ့အပြင် ဇူလိုင် ၁၂ ရက်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား ၄ ကောင် ဒဏ်ရာရရှိခဲ့တယ်လို့ တိမ်းရှောင်နေသူ အမျိုးသားတဦးက ပြောပါတယ်။
“သူတို့က စစ်ကြောင်းထိုးတော့မယ်ဆိုရင် ရွာထဲကို အရင် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အခု အဲ့ဒီစစ်ကြောင်းက နတ်သံကွင်းထဲမှာ၊ အခုကတော့ အကုန်လုံးပဲ ရွာထဲမှာ ဘယ်သူမှမရှိဘူး။ နေ့လယ်ဘက် ငြိမ်တဲ့အချိန်တွေတော့ ရွာမှာ ဝက်စာတွေပြန်ကျွေး၊ အိမ်မွေးတိရစ္ဆာန်တွေ ပြန်ကြည့်၊ ရွာမှာတော့ မအိပ်ရဲကြဘူး။ ရွာထဲမှာကတော့ အိမ်တွေမီးရှို့၊ ပြန်ကြားတာကတော့ ၂ အိမ်၊ လက်နက်ကြီးကျလို့ ပျက်စီးတာတော့ ၂ အိမ် ၃ အိမ်၊ မနေ့ကလည်း အဲ့လိုပဲ လက်နက်ကြီးနဲ့ပစ်လို့ ကျွဲ နွား ၄ ကောင် ဒဏ်ရာတွေကကြီးတော့ ဘာမှလုပ်လို့မရဘူး။ မွှေနှောက်ထားတာလည်း အိမ်တိုင်းပဲ။”
စစ်ဘေးရှောင်ပြည်သူတွေမှာလည်း စစ်ရှောင်စခန်း သီးသန့်မရှိတာကြောင့် အနီးအနား ကျေးရွာတွေမှာ တိမ်းရှောင်နေကြရပြီး အခြေခံစားသောက်ကုန်တွေ လိုအပ်နေတဲ့အပြင် နေရာထိုင်ခင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကူအညီတွေလည်း လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
“ရှောင်နေရတဲ့ ရွာတွေကလည်း လက်လုပ်လက်စားသမားတွေ၊ လယ်လုပ်တဲ့သူတွေက အခုလက်ရှိ စစ်ရှောင်နေရတော့ စစ်ရှောင်တွေထဲက တချို့တွေကတော့ ရိက္ခာတွေ ဘာတွေ ပြန်ယူနိုင်မယ့် အနေအထားမှာ ရှိတော့ ပြန်ယူကြတာပေါ့။ သယ်ယူလို့မရတဲ့ အနေထားမှာ ရှိတဲ့သူတွေကျတော့လည်း တယောက်နဲ့တယောက် ရှိတာလေးနဲ့ပဲ ကြည့်ရှု စောင့်ရှောက်တာ၊ အဲ့လိုမျိုးပေါ့။ အခက်အခဲတွေကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပေါ့၊ မိုးတွင်းကာလဆိုတော့ ရောဂါတွေပေါ့၊ ကလေးတွေကော သက်ကြီးရွယ်အိုတွေ မသန်စွမ်း မျက်မမြင် အများကြီးပါတယ်။”
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း ရေတွင်းကုန်းကြီးကျေးရွာနဲ့ အုန်းပင်စုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၃ ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကာ ကျေးရွာ ၃ ရွာက ဒေသခံပြည်သူ ၁,၄၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။