ရန်ကုန်မြို့မှာ ဇွန်လက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စက်ရုံနှစ်ရုံက အလုပ်သမားသမဂ္ဂဝင် ၇ ဦး နဲ့ကူညီသူ ၃ ဦးတို့ကို လစာတိုးမြှင့်ပေးရေးတောင်းဆိုမူကြောင့် ဖမ်းဆီးတာမဟုတ်ဘဲ တခြားအကြောင်းကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးနေတာလို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီအလုပ်သမားသမဂ္ဂဝင်တွေနဲ့ ကူညီသူတွေအနေနဲ့ ဇွန်လဆန်းက လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုပြီး ရက်ပိုင်းအကြာမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး ILO (ရန်ကုန်ရုံး) က ဖြစ်စဥ်နဲ့ပတ်သက်လို့ လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အပေါ် စစ်ကောင်စီက တုံ့ပြန်ငြင်းဆိုလိုက်တာပါ။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အလုပ်သမားတွေ ဖမ်းဆီးခံရတာဟာ ILO ပြဋ္ဌာန်းချက်အမှတ် ၈၇ နဲ့ သက်ဆိုင်ခြင်းမရှိသလို အခြေခံအလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းရာမှာ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
အလုပ်သမားသမဂ္ဂဝင်တွေနဲ့ အလုပ်သမားတွေကို လုပ်ခလစာတိုးမြှင့်တောင်းခံတာကြောင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ အခြားသောအကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေတာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ ဘယ်လိုအကြောင်းကိစ္စကြောင့်ဆိုတာတော့ ရှင်းလင်းအောင် ပြောဆိုထားတာ မရှိပါဘူး။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အလုပ်သမားအရေးလူပ်ရှားသူတဦးက "စက်ရုံဝင်းထဲဖြစ်တဲ့ ကိစ္စဗျာ၊ စက်ရုံက အကြောင်းကြားလို့ စစ်တပ်ရောက်လာတယ်။ ပြီးတော့ ညှိနိူင်းပေးမယ်ပြောပြီး နောက်ရက်ထွေအုပ်ရုံးခေါ်ပြီး ပြန်မလွှတ်ဘဲဖမ်းတယ်။ ဘယ်လောက်ယုတ်မာတဲ့လုပ်ရပ်လဲ။ ဒါတောင်ပြောင်ငြင်းနေတာ ရှက်ဖို့ကောင်းတယ်" လို့ ပြောပါတယ်။
ရန်ကုန်မြို့က ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှအလုပ်သမားသမဂ္ဂဝင် ၅ ဦး၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ဦး နဲ့ ကူညီသူ ၃ ဦးတို့ကို စစ်ကောင်စီက ဇွန်လဒုတိယအပတ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
သူတို့ဟာ စက်ရုံအတွင်း လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုခဲ့တာသာရှိပေမဲ့ စစ်ကောင်စီက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး အကြောင်းပြ ဖမ်းဆီးထားတာလို့ ပြည်တွင်းအခြေစိုက်အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
လက်တလော ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့သတင်းတွေအရ အလုပ်သမားသမဂ္ဂဝင်တွေကို နိူင်ငံရေးပုဒ်မ ၅၀၅ နဲ့ ကူညီသူတွေကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ အမူဖွင့်ထားတယ်လို့ဆိုပေမဲ့ သီးခြားအတည်ပြုမရသေးပါဘူး။
စစ်ကောင်စီရဲ့ ဇွန် ၂၈ ထုတ်ပြန်ချက်ချက်မှာတော့ ဖမ်းဆီးခံရသူတွေဟာ ဆူပူမှုဖြစ်အောင် စည်းရုံးလူံ့ဆော်လို့ ထိရောက်အောင် အရေးယူမယ်လို့ ဆိုထားပြီး ဒီနေ့ထုတ်ပြန်ချက်မှာတော့ လစာတိုးမြှင့်ပေးရေး တောင်းဆိုမူကြောင့်မဟုတ်ဘဲ တခြားအကြောင်းကိစ္စကြောင့် စစ်ဆေးနေရတာလို့ ဆိုထားပါတယ်။