မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာမှာ နွားကျောင်းသွားတဲ့ ကလေးငယ်တဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက် မနက် ၆ နာရီက သုံးခွကျေးရွာအုပ်စု ဝါးဒတ်ကွင်းကျေးရွာနဲ့ ကညင်အိုင်ကျေးရွာအကြား အရိုးအိုးလမ်းဆုံမှာ ကလေးငယ်ဟာ နွားကျောင်းသွားရင်း မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကလေးဟာ ဝါးဒတ်ကွင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်အေးချမ်းသခင် ဖြစ်ပါတယ်။
ရွာခံတဦးက “ကလေးက နွားကျောင်းသွားရင်း နင်းမိတာပါ။ ငါးမင်းဆွေခြံနားမှာ ထောင်ထားတဲ့မိုင်းပေါ့။ အရင်တည်းက အဲ့နေရာက စစ်သားတွေ အဝင်အထွက်ရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကလည်း သိမ်ဇရပ်မြို့မှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတဦးသေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။