စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာကို စစ်တပ်က ဇူလိုင် ၁၄ ရက် မနက် ၇ နာရီနဲ့ ခက်ခရွာကို မနက် ၈ နာရီမှာ မီးရှို့ခဲ့တာကြောင့် ဒေသခံ ၃,၀၀၀ နီးပါး စစ်ရှောင်နေရတယ်လို့ ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ကနေ သိရပါတယ်။
ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့မှ ကိုဖေဖော်ဝါရီဝမ်းက “မနေ့က ထန်းကြီးမှာ ညအိပ်တဲ့ စစ်သားတွေက ဒီနေ့မနက် ထန်းကြီးကို မီးတင်တယ်။ ထန်းကြီးကထွက်ပြီး ခက်ခရွာကို မီးရှို့တာ။ ရွာတွေထဲကိုတော့ လက်နက်တွေပစ်ခတ်ပြီး ဝင်တာပါ” လို့ ပြောပါတယ်။
တိမ်းရှောင်နေရတဲ့ ဒေသခံ ၃,၀၀၀ ကျော်ဟာ မိုးရွာသွန်းနေတာကြောင့် မိုးကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ဇူလိုင် ၁၂ ရက်နေ့မှာ ဝက်လက်မြို့ကနေ သာလိုင်းရွာကို ဝင်ရောက်ခဲ့ပြီး သာလိုင်းရွာက အမျိုးသားတဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
သာလိုင်းရွာကထွက်လာတဲ့ စစ်ကြောင်းက သုံးဆင့်ကန်ကို ဇူလိုင် ၁၃ ရက်မှာ မီးရှို့ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသားတဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၁၃၀ ကျော် မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သုံးဆင့်ကန်ရွာကထွက်လာတဲ့ စစ်ကြောင်းဟာ ပေါက်ကန်ရွာက နေအိမ် ၁၂ လုံးကို မီးရှို့ပြီး ဇူလိုင် ၁၄ ရက်နေ့မှာ ထန်းကြီးရွာနဲ့ ခက်ခရွာကို မီးရှို့ကာ ပဒူကျေးရွာထဲ ဝင်သွားတယ်လို့ သိရပါတယ်။