ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ရဲ့ ကစားသမားနဲ့ နည်းပြတွေကို အရေးယူခဲ့တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ဇူလိုင် ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ ဆီးဂိမ်းရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အင်ဒိုနီးရှား ကစားသမား ၃ ဦးနဲ့ နည်းပြအဖွဲ့ဝင် ၄ ဦး၊ ထိုင်းကစားသမား ၂ ဦးနဲ့ နည်းပြအဖွဲ့ဝင် ၅ ဦးတို့ကို ပြစ်ဒဏ်ပေးဖို့ ကွာလာလမ်ပူမှာရှိတဲ့ ရုံးချုပ်မှာ ဇူလိုင် ၁၂ ရက် ညပိုင်းက အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားကစားသမားတွေဖြစ်တဲ့ ဖောဝါဇီနဲ့ ကုမန်တီဂူးတို့ကို ၆ ပွဲပယ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁,၀၀၀၊ မူစလီဟူဒင်ကို ၆ ပွဲပယ်၊ နည်းပြအဖွဲ့ဝင် ၄ ဦးကိုလည်း ၆ ပွဲ ကိုင်တွယ်ခွင့်ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀ စီ ချမှတ်ခဲ့ပါတယ်။
ထိုင်းကစားသမားတွေဖြစ်တဲ့ ဆိုပွန်ဝစ်နဲ့ တီယာပတ်တို့ကို ၆ ပွဲပယ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀၊ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ပတ်တာဝတ်နဲ့ မတ်အာဒမ်တို့ကို ၆ ပွဲပယ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀ စီနဲ့ ကျန်နည်းပြအဖွဲ့ဝင်သုံးဦးကို ၆ ပွဲ ပယ်ခဲ့ပါတယ်။
ထိုင်းဘောလုံးအဖွဲ့ချုပ်ကိုလည်း ဒဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ ပေးဆောင်ဖို့ အာရှဘောလုံးအဖွဲ့ချုပ်က ချမှတ်ခဲ့ပါတယ်။
ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားတို့ရဲ့ပွဲစဥ်မှာ နှစ်ဖက်အသင်းသားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ကာ အုပ်ချုပ်သူအဖြစ် လိုက်ပါလာခဲ့တဲ့ အင်ဒိုနီးရှားရဲမှူးချုပ်လည်း ထိုးကြိတ်ခံခဲ့ရတဲ့အတွက် ထိုင်းဘောလုံးအဖွဲ့ချုပ်က အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ကို တောင်းပန်စကား ဆိုခဲ့ပါတယ်။
၂၀၂၃ ဆီးဂိမ်းဗိုလ်လုပွဲကို မေ ၁၆ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ယှဥ်ပြိုင်ကစားခဲ့ပြီး အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။