မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဒေသခံတွေ ဇူလိုင်ဒုတိယပတ်အတွင်း အိမ်ပြန်မလာပါက နေအိမ်ကို ချိပ်ပိတ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
နေရပ်စွန့် တိမ်းရှောင်နေသူ ဒေသခံတဦးက “၅ ရက်အတွင်း နေအိမ်ပြန်မလာပါက အိမ်တွေကို ပိတ်သိမ်းမယ်လို့ ပြောထားတာ။ စစ်တပ်က ရွာမှာရှိနေမှတော့ လူတွေက တိုက်ပွဲလည်းကြောက်ရတယ်၊ အိမ်ပြန်ရင်လည်း စစ်တပ်ဘက်က ဖမ်းမှာလည်း ကြောက်ရတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၁၃ ရက်ကနေ ၅ ရက်အတွင်း ပြန်မလာရင် အိမ်တွေကို ချိပ်ပိတ်မယ်လို့ ပြောဆိုထားတဲ့ သတင်းတွေကြောင့် တချို့လည်း အိမ်ပြန်ကြသလို ငွေရှိပြီး ဆွေမျိုးရှိတဲ့သူတွေကတော့ နီးစပ်ရာ မြို့နဲ့ ဆွေမျိုးတွေရှိတဲ့ နေရာတွေကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။
နှစ်ကရင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အပါအဝင် လေကြောင်းပစ်ကူနဲ့ပါ ကျေးရွာထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး ဒေသခံအများစု မနေရဲတော့ဘဲ တိမ်းရှောင်နေကြတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကျေးရွာထဲ တပ်စွဲပြီး ရွာအတွင်း ဝင်ရောက်မွှေနှောက်ကာ ရွာသားတွေကို လူသားဒိုင်းသဖွယ် ပြုလုပ်နေသလို PDF နဲ့ ဆက်သွယ်တဲ့ သံသယရှိသူလို့ ယူဆပြီး ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။
ရေးမြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို ရေး-သံဖြူဇရပ် ကားလမ်းပိုင်းကိုလည်း KNLA PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားတယ်လို့ အသိပေးထားပါတယ်။