ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ လ အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု KRU ကထုတ်ပြန်ပါတယ်။
ဇွန်လနဲ့ ဇူလိုင် လ အတွင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနဲ့ စက်တော်ရွာမှာ တပ်စွဲကင်းထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲမှာ စစ်ကောင်စီတပ် ခလရ -၂၄၈ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ပျူးစောထီးတွေပါဝင်တိုက်ခိုက်ခဲ့ကြသလို ဖယ်ခုံဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပါတယ်။
တိုက်ပွဲတွေတွင်း MG 3 ငါးကြင်းမှီး ၁ လက်၊ MA 3 ၁ လက်၊ 60 မမ ဗုံးသီး ၁၆ လုံး ၊ တင့်ဖျက် မိုင်းနဲ့ ကျည်ဆန် ခဲယမ်းတွေသိမ်းဆည်း ရရှိပြီး ဖယ်ခုံ PDF ကရဲဘော် ၁ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာရတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU မှ တာဝန်ရှိသူက ပြော ပါတယ်။
"ကျနော်တို့က ပြောက်ကျားစနစ်နဲ့ ဝင်တိုက်တဲ့သဘောပါ။ သူတို့ တပ်စွဲ ထားတာ ၄လ ၅လ လောက်ရှိပြီ။ ထိတွေ့မှုကတော့ အမြဲလိုလို ဖြစ်တယ်။ ဒဏ်ရာ ရတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်နေပါပြီလို့။”
တိုက်ပွဲတွေမှာ PKPDF၊ KRU, SSDF ၊ ရှမ်းတောင် ဒရုန်းတပ်ဖွဲ့ LKPDF ၊ ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့ [1003, 1005, 1008, 1009 - IPDF, SSLRU နဲ့ နေပြည်တော်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။