တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒဏ်ရာရသူတွေကို စစ်ကောင်စီက ပြန်လည်သယ်ယူဖို့ ကြိုးစားနေတဲ့အပြင် လူနာလာကြိုတဲ့ ယာဉ်တန်းပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ်၊ ကျိုက်ဒုံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ဇူလိုင် ၁၂ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာပါ။
ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့ဘက်ကနေ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းက ဘုရားကုန်း ငြိမ်းချမ်းသာဘက်ကနေ ဝင်ရောက်ဖို့ ကြိုးစားလာတဲ့အတွက် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားတဲ့အပြင် တံခွန်တိုင် စခန်းအတွင်းက လူနာတွေကို မုဒုံမြို့ဘက်ကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဇူလိုင် ၁၂ ရက် ညနေက လူနာလာရောက်ကြိုဆိုတဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူတဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်အတိအကျကို တော်လှန်ရေးတပ်ပေါင်းစုဘက်က တိုက်ပွဲအခြေအနေကြောင့် မသိရသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် တပ်မဟာ ၃ နယ်မြေ ရွှေကျင်မြို့နယ်၊ နတ်သံကွင်းအနီးတဝိုက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး လှုပ်ရှားနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်မလာရဲသေးဘူးလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာက နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့ပြီး ဇွန် ၂၆ ရက်နေ့ကတည်းက ဒေသခံ ၃၀၀၀ ကျော်ဟာ ကြိုတင်တိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူမရှိဘူးလို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။