တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာရှိတဲ့ တံတားကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ဇူလိုင် ၁၂ ရက်၊ ည ၇ နာရီခွဲလောက်မှာ မိုင်းခွဲခဲ့ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပုလောကုန်းကျေးရွာရှိ တံတားကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက မိုင်းခွဲပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ၁ နာရီနီးပါးအကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။
ဇူလိုင် ၁၂ ရက်၊ ည ၁၀ နာရီဝန်းကျင်လောက်မှာလည်း နန်းတောင်စစ်ဆေးရေးဂိတ်ကို PRDF အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးအဖွဲ့ (PRDF) တာဝန်ခံက ပြောပါတယ်။
“ပုလောကုန်းဘက်မှာ တပ်ပေါင်းစုကနေပြီး တိုက်ခိုက်တယ်။ ကျနော်တို့က နန်းတောင်စစ်ဆေးရေးဂိတ်ကို သွားပစ်တယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက်ကြာတယ်။ စကစဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။”
ဒေသခံတဦးက “ပုလောကုန်း တမိုင်တောင်ဘက်ကရော၊ လေးမိုင်ဘက်ကရော သေနတ်ပစ်ခတ်သံတွေ ကြားရတယ်။ လက်နက်ကြီးထုသံတွေရော ကြားရတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှု ၂ ခုစလုံးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်ကျရှုံးမှု မရှိခဲ့ဘဲ စစ်ကောင်စီဘက်က အခြေအနေကိုတော့ မသိရသေးပါဘူး။
ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။
ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီးတွေရဲ့ နေအိမ် ၄ ဆောင်နဲ့ ခြံကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ဇူလိုင် ၁၁ ရက်နေ့မှာ ပြည်သူပိုင်နေအိမ်အဖြစ် ချိပ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ချိပ်ပိတ်ခံလိုက်ရတဲ့ နေအိမ်တွေဟာ ပျူစောထီးခေါင်းဆောင် ဝင်းညွန့်နဲ့ ပျူစောထီးအဖွဲ့ဝင် ချစ်ဦးတို့ရဲ့ နေအိမ်ဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ကုလားနီရဲ့ ရာဘာခြံကိုပါ ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ခံထံက သိရပါတယ်။
ပူရိယက္ခညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက “ပျူတွေက ရွာမှာမရှိပါဘူး။ ပုလောကုန်းရွာမှာ နေတာပါ။ သူတို့ရဲ့နေအိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းနိုင်တယ်ဆိုတာ သူတို့ ဘာမှမလုပ်နိုင်ဘူးဆိုတာ သိစေချင်လို့ပါ” လို့ ပြောပါတယ်။
“ပျူစောထီးတွေက ကြားဖူးသမျှ ရက်စက်မှုတွေအပြင် ဒီထက် ထပ်ဆိုးတာတွေကို လုပ်ဆောင်နေပါတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့နေအိမ်တွေကို အခုလိုမျိုး လုပ်ဆောင်ရတာပါ” လို့ သူက ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပျူစောထီးနေအိမ်တွေကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ပြည်သူပိုင်နေအိမ်အဖြစ် အခုလိုမျိုး ချိပ်ပိတ်တာဟာ ပုလောမြို့နယ်မှာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။