ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲမှာ ရှိနေတဲ့ စစ်ရှောင် ၁၀၀ ကျော်အတွက် စားနပ်ရိက္ခာ ပြတ်လပ်နေပြီး ကလေးငယ်နဲ့ သက်ကြီးပိုင်းတချို့ ရာသီတုပ်ကွေး ဖြစ်နေကြလို့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဇူလိုင် ၁၂ ရက်မှာ သိရပါတယ်။
လက်ရှိမှာ ရာသီတုပ်ကွေး ကူးစက်ခံနေရတဲ့ စစ်ရှောင်ကလေးငယ်နဲ့ သက်ကြီးရွယ်အို ၁၀ ဦးလောက် ရှိနေပြီး ကျန်းမာရေးပိုင်း ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။
စစ်ရှောင်ကော်မတီဝင်တဦးဖြစ်သူ ဦးရယ်က “ကလေးတွေအတွက် လုံလုံခြုံခြုံရှိဖို့ ခြင်ထောင်လိုအပ်တယ်။ ကိုယ်ခံအားအတွက် အာဟာရ ပြည့်ပြည့်ဝဝ ရှိဖို့လိုတယ်။ ဒါကတော့ အခု စားဖို့တောင်မရှိတော့၊ သွေးလွန်တုပ်ကွေးက ကလေးရော၊ လူကြီးတွေလည်း ဖြစ်နေတာပဲ။ သူတို့ကို အခန်းတခုမှာ သတ်သတ်ထားတယ်။ ထမင်းတွေလည်း အဲ့မှာပဲပို့တယ်။ ဖျားနာတဲ့လူတွေကို သတ်သတ်စီထားပေမဲ့ နေရာကျဉ်းတယ်လေ၊ ဆိုတော့ အတူတူနေပြီး အိမ်သာတွေကလည်း လုံလောက်မှုမရှိဘူး။ နောက် နီးနီးကပ်ကပ်ရှိနေကြတော့လေ၊ ရေတွေကလည်း ကူးကြတော့ သွေးလွန်တုပ်ကွေး အဆင့်ထိကို သုံးယောက်လောက် ဖြစ်နေတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အပြင် ရှိနေတဲ့ဆေးဝါးနဲ့ စစ်ရှောင်စခန်းအတွင်း ဆေးဝါးအကြောင်း အနည်းငယ်သိသူကပဲ ကုသစောင့်ရှောက် ပေးနေတယ်လို့ သိရပါတယ်။
ကိုယ်ခံအားအတွက် အာဟာရမျှတစွာနဲ့ လုံလုံလောက်လောက် စားသုံးဖို့ လိုအပ်ပြီး ကာကွယ်မှုအတွက် စစ်ရှောင်စခန်းထဲမှာ ခြင်ထောင်နဲ့ ယင်လုံအိမ်သာတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ စစ်ရှောင်စခန်းက ကျန်းမာရေးကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ ဆရာမတဦးက ဆိုပါတယ်။
ခရစ်ယာန်ဘုရားကျောင်းဝင်းထဲကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကပြီး ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆိုနဲ့ မိုးဗြဲက ဒေသခံတွေ လာရောက်စစ်ရှောင်ကြတာ ဖြစ်ပါတယ်။
စစ်ရှောင်စခန်းအတွင်းမှာ ကလေးငယ် ၆၀ ကျော်ရှိပြီး တချို့မှာ မိဘမရှိကြတော့ဘဲ နီးစပ်ရာ အိမ်နီးချင်းတွေနဲ့အတူ လာရောက်စစ်ရှောင်တဲ့ ကလေးတွေလည်း ရှိတယ်လို့ သိရပါတယ်။
စားနပ်ရိက္ခာ အကူအညီ မရတာကလည်း ၂ လကျော်ပြီဖြစ်တဲ့အတွက် အိမ်ပြန်ပြီး ဆန်စပါးတွေ ပြန်ယူဖို့ တွေးထားပေမဲ့ လမ်းစရိတ်မရှိတာ၊ နေရပ်မှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် အိမ်မပြန်ရဲကြဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။